အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီက သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ အသင်းမှာ နောက်ထပ် တရာသီ ဆက်ရှိနေမယ့် အကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

အသက် ၃၆နှစ် အရွယ် ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ သတင်းတွေ လှိုင်လှိုင် ထွက်ပေါ်နေတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: 90 Min

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ရိုနယ်ဒိုက လက်ရှိ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ကောလဟာလတွေသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ ဂျူဗင်တပ်ရဲ့ နည်းပြဖြစ်သူ အယ်လီဂရီကပါ ရိုနယ်ဒိုဟာ အသင်းမှာသာ ဆက်ရှိမယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။

Photo Credit: 90 Min

ရိုနယ်ဒိုတယောက် အသင်းမှာ ဆက်ရှိနေမယ့် အကြောင်းကို အယ်လီဂရီက – “ရိုနယ်ဒိုက သူ အသင်းမှာ ဆက်ရှိမယ့်အကြောင်း ကျွန်တော့်ကို ပြောပြထားပါတယ်။ သူက အမြဲတမ်းလိုလို လေ့ကျင့်မှုတွေကို ကောင်းကောင်းမွန်မွန် လုပ်လေ့ ရှိသူပါ။ ကောလဟာလ သတင်းတွေကို သတင်းစာတွေပေါ်မှာ ကျွန်တော် ဖတ်မိပါတယ်။ သူ အသင်းကနေ ထွက်ခွာချင်တဲ့ အကြောင်းကို ဘယ်တော့မှ မပြောခဲ့ပါဘူး။ ရိုနယ်ဒိုက ကျွန်တော်တို့ အတွက် ဘောနပ်စ်တခုပါပဲ။ ဘာကြောင့်လဲဆိုတော့ သူက သွင်းဂိုးတွေ အများကြီး သွင်းနိုင်တယ်လေ” လို့ ပြောကြားခဲ့တာပါ။

ဒါပေမယ့် ရိုနယ်ဒို တယောက် ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သစ် ထပ်ချုပ်မလား ၊ မချုပ်ဘူးလား ဆိုတာကို အယ်လီဂရီက ရှင်းလင်း ပြောကြားခဲ့ခြင်း မရှိပဲ အကယ်၍သာ စာချုပ်သစ်သာ ထပ်မချုပ်ဖြစ်ရင် ရိုနယ်ဒိုဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းနိုင်မှာပဲ ဖြစ်ပါတယ်။