အင်္ဂလန် လက်ရွေးစင်ဟောင်းနဲ့ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ ကစားသမားဟောင်း ဒယ်လီ အလီက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ပါဝင် ဆင်နွဲသွားရဖို့အတွက် အဓိကပစ်မှတ်ထား ရည်မှန်းထားတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် (၂၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကွင်းလယ်လူ အလီဟာ အဲဗာတန်အသင်းမှာ ပါဝင်နေပေမယ့်လည်း ကြွက်သားဒဏ်ရာကြောင့် တစ်နှစ်နီးပါးလောက်အထိ အနားယူနေရပြီး ဘယ်အချိန်မှ ပြန်လည် သက်သာလာနိုင်မလဲဆိုတာပါ မသိရသေးပဲ ဖြစ်နေရပါတယ်။

Photo Credit : Transfermarket

အလီဟာ အမ်ကေဒွန်းစ်ကနေ စပါးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးနောက် အသင်းမှာ ဟယ်ရီကိန်း ဆွန်ဟောင်မင် အဲရစ်ဆင်တို့နဲ့ တွဲဖက်ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သလို PFA Young Player of the Year ဆု (၂)ကြိမ်နဲ့ Premier League Team of the Year မှာလည်း (၂)ကြိမ် ပါဝင်နိုင်ခဲ့ရပါတယ်။

ဒါပေမယ့် အလီဟာ ဒဏ်ရာပြသာနာတွေကြောင့် ခြေစွမ်းပိုင်း ကျဆင်းလာခဲ့ရင်း ၂၀၂၁ခုနှစ်မှာပဲ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ခဲ့ရရင်း အလီရဲ့ ကစားသမားဘဝပါ ကျဆင်းလာခဲ့ရပါတယ်။ အခုဆိုရင်လည်း အလီက ဒဏ်ရာကြောင့် တစ်နှစ်လောက်အထိ အနားယူနေရတာကြောင့် ဘောလုံးကစားရတာနဲ့ အချိန်တစ်ခုအထိ ကင်းကွာနေခဲ့ရပါတယ်။

Photo Credit : Fabrizio Romano

အလီကတော့ သူ့အနေနဲ့ ဘောလုံးပြန်ကစားနိုင်ပြီဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ ပါဝင်ဆင်နွဲဖို့ ဆန္ဒရှိနေပါတယ်။ အလီက “ကျွန်တော်က ကျွန်တော့်ဖုန်းထဲမှာ နေ့တိုင်း (၁၁)နာရီရောက်တိုင်း World Cup 2026 ဆိုတဲ့ စကားကို သတိပေးချက်တစ်ခုလို ထည့်သွင်းထားခဲ့ပါတယ်။ ဒါက ကျွန်တော်ရဲ့ ရည်မှန်းချက်ပါပဲ။”

“လူတွေကတော့ ကျွန်တော်က ဘောလုံးမကစားရတာ တစ်နှစ်လောက် ရှိနေလို့ ပြောနေကြတာတွေ ရှိပေမယ့်လည်း ကျွန်တော် ဒါတွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော်က ကျွန်တော်ရဲ့ ခြေစွမ်း အဆင့်အတန်းကို သိနေပါတယ်။ အခုတော့ ကျွန်တော့်ဒဏ်ရာကနေ ပြန်လည် သက်သာဖို့ကိုပဲ ပိုမို အာရုံစိုက်နေပါတယ်။” လို့ ပြောဆိုလာခဲ့ပါတယ်။ အလီဟာ ဒီနွေမှာပဲ အဲဗာတန်နဲ့ စာချုပ်သက်တမ်းပါ ကုန်ဆုံးပြီဖြစ်လို့ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။