ကမ္ဘာပေါ်မှာ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် စံချိန် တင်ထားတဲ့ အီရန် လက်ရွေးစင် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အလီဒါအီ ကတော့ သူ့ရဲ့ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား စံချိန် ကို ချိုးဖျက်နိုင်ဖို့ နီးစပ်နေတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ သူ့ရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်မယ့် ကစားသမား ဖြစ်ကြောင်း ချီးကျူး သွားခဲ့ပါတယ်။ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ အသင်းရဲ့ ဂိုးသွင်းစက် ဖြစ်သူ ရိုနယ်ဒိုဟာ ပေါ်တူဂီ အသင်း အတွက် ၁၆၉ပွဲ အထိ ကစား ပေးထားရာမှာ ၁၀၂ဂိုးအထိ သွင်းယူ ထားနိုင်ခဲ့ပြီး အလီဒါအီရဲ့ ကမ္ဘာ့ နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား ဆိုတဲ့ စံချိန်ကို လိုက်မှီနိုင်ဖို့ သွင်းဂိုး ၇ဂိုးသာ လိုအပ်ပါတော့တယ်။

Photo Credit: Goal

ရိုနယ်ဒိုဟာ ၂၀၂၂ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားမှသာ နိုင်ငံ လက်ရွေးစင် ကစားသမား ဘဝကနေ အနားယူသွားဖွယ် ရှိကြောင်း ဖွင့်ဟ ထားတာကြောင့် အလီဒါအီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ အချိန် ၂နှစ် ရရှိနေသေးပြီး သွင်းဂိုး ၇ဂိုးဆိုတဲ့ ပမာဏဟာ ရိုနယ်ဒိုလို တိုက်စစ်မှူး အတွက် အလွန် နည်းပါးတဲ့ ပမာဏ တစ်ခုပဲ ဖြစ်ပါတယ်။ အလီဒါအီ ကတော့ ရိုနယ်ဒိုဟာ လက်ရှိအချိန်မှာ သာမက ဘောလုံးသမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ကြောင်းနဲ့ သူ့ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား စံချိန်ကို ချိုးဖျက်နိုင်မယ့် ကစားသမား တစ်ဦး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုနဲ့ ပတ်သတ်ပြီး အလီဒါအီက “ ရိုနယ်ဒိုက နိုင်ငံအသင်း အတွက် ကျွန်တော် တင်ထားတဲ့ ဂိုးသွင်းစံချိန်ကို လိုက်မှီလိမ့်မယ် လို့ စိတ်ရင်းနဲ့ မျှော်လင့် ထားပါတယ်။ သူ့လို ကစားသမား တစ်ဦးက ကျွန်တော့်ရဲ့ ဂိုးသွင်း စံချိန်ကို လိုက်မှီတယ် ဆိုတာဟာ ကျွန်တော့် အတွက် ဂုဏ်ယူစရာပါပဲ။ ခရစ္စတီယာနို ရိုနယ်ဒိုဟာ သူ့ရဲ့ အချိန်မှာ သာမက ကမ္ဘာ့ ဘောလုံး သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတေွ ထဲက တစ်ဦးပါ” လို့ ချီးကျူး ပြောဆို သွားခဲ့တာပါ။ အလီဒါအီဟာ အီရန်အသင်း အတွက် နိုင်ငံတကာ ပွဲစဉ် ၁၄၅ပွဲ အထိ ကစား ပေးထားရာမှာ သွင်းဂိုး ၁၀၉ဂိုးအထိ သွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးပဲ ဖြစ်ပါတယ်။