အာရှမှာ အသင်းကောင်းတသင်း ဖြစ်တဲ့ အီရန်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး အလီဒါအီကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ နိုင်ငံတကာသွင်းဂိုး အများဆုံး အမျိုးသား ကစားသမား ဆိုတဲ့ စံချိန်ကို အမှီ လိုက်နိုင်ခဲ့တဲ့ ပေါ်တူဂီအသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ချီးကျူးသွားခဲ့ပါတယ်။ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ရိုနယ်ဒိုဟာ ပေါ်တူဂီအသင်း အတွက် ၁၆သင်းအဆင့်ကို တက်နိုင်ဖို့ အတွက် အရေးပါတဲ့ သွင်းဂိုး ၂ဂိုးကို သွင်းယူပြီးနောက် သူ့ရဲ့ နိုင်ငံတကာသွင်းဂိုးဟာ ၁၀၉ဂိုး အထိ ရှိလာခဲ့ပါတယ်။

Photo Credit: Metro

ယခင်က ကမ္ဘာပေါ်မှာ နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမားဟာ အလီဒါအီဖြစ်ပြီး အလီဒါအီဟာ အီရန်အသင်းနဲ့ အတူ နိုင်ငံတကာသွင်းဂိုး ၁၀၉ဂိုး အထိ သွင်းယူထားနိုင်ခဲ့သူပါ။ လက်ရှိမှာတော့ ရိုနယ်ဒိုဟာ အလီဒါအီရဲ့ သွင်းဂိုးကို လိုက်မှီသွားပြီ ဖြစ်တာကြောင့် အလီဒါအီရဲ့ နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ဖြတ်ကျော်နိုင်ဖို့ သွင်းဂိုး ၁ဂိုးသာ လိုအပ်တော့ပြီး အဆိုပါ သွင်းဂိုးကိုလည်း မကြာခင်မှာ ကစားတော့မယ့် ပေါ်တူဂီအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ ယူရို ၂၀၂၀ပြိုင်ပွဲ ၁၆သင်းအဆင့် ပွဲစဉ်မှာ ရရှိနိုင်ချေ ရှိနေပါတယ်။ အလီဒါအီကတော့ သူ့ရဲ့စံချိန်ကို လိုက်မှီခဲ့တဲ့ ရိုနယ်ဒိုကို မုဒိတာပွားကာ သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ အခုလိုပဲ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Metro

အလီဒါအီက – “အခုဆိုရင် နိုင်ငံတကာသွင်းဂိုး အများဆုံး အမျိုးသား ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိဖို့ သွင်းဂိုး ၁ဂိုးပဲ လိုအပ်တော့တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုကို ဂုဏ်ပြုပါရစေ။ ဒီလိုမျိုး အမှတ်ရစရာ ကောင်းတဲ့ စံချိန်တခုဟာ ရိုနယ်ဒိုနဲ့အတူ ရှိနေတော့မှာ ဖြစ်တဲ့ အတွက် တကယ်ကို ဝမ်းမြောက်မိပါတယ်။ ရိုနယ်ဒိုဟာ အရမ်းကို ကြီးကျယ်တဲ့ ကစားသမား တယောက်ပါ။ ပြီးတော့ ကစားပေါ်မှာ ရှိတဲ့ လူတွေ အတွက် အတုယူစရာ ကောင်းတဲ့ လူသားတယောက်ပါ” လို့ ချီးကျူးသွားတာပဲ ဖြစ်ပါတယ်။ မကြာခင်မှာ ကစားတော့မယ့် ပေါ်တူဂီအသင်းနဲ့ ဘယ်လ်ဂျီယံအသင်းတို့ရဲ့ ပွဲစဉ်မှာ ရိုနယ်ဒို တယောက် လိုအပ်နေတဲ့ သွင်းဂိုး တဂိုးကို ရရှိသွားမယ်လို့ ထင်ကြလားဗျ…။