MySport Myanmar

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့က သူတို့ရဲ့ ပစ်မှတ်ပဲလို့ ကြွေးကြော်လိုက်တဲ့ အာနိုးလ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ဒုတိယ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက ညာနောက်ခံလူလည်း ဖြစ်တဲ့ အလက်ဇန်းဒါး အာနိုးလ်ကတော့ သူတို့အသင်းဟာ ရာသီသစ်မှာ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဂျာမန် ထိပ်သီးနည်းပြ ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ ၅နှစ်အတွင်းမှာ မန်ချက်စတာ စီးတီးနဲ့ အပြိုင် ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဆုကို ယှဉ်လုခဲ့ရတဲ့ အသင်း ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အတော်လေးကို ရလဒ်တွေ ဆိုးဝါးခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တောင် လွဲချော်ခဲ့ရပါတယ်။

Photo Credit: The Times

ဒါကြောင့်ပဲ လီဗာပူးက လာမယ့်ရာသီမှာ ချန်ပီယံလိဂ်အစား ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရဖို့ ရှိနေသလို သူတို့အသင်းရဲ့ ကစားသမား အင်အားကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းစားနေတဲ့ အသင်းစာရင်းထဲလည်း မပါဝင်သေးပါဘူး။

ဒါပေမယ့် လီဗာပူးရဲ့ တာဝန်ရှိသူတွေနဲ့ ကစားသမားတွေကတော့ သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်တယ်လို့ ယုံကြည်နေကြပြီး လီဗာပူးရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဖြစ်သူ အာနိုးလ်ကလည်း သူတို့အသင်းဟာ ရာသီသစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင်သာ အာရုံစိုက် ကြိုးစားသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

အာနိုးလ်က – “ကျွန်တော်တို့က ဆုဖလားတိုင်းကို လိုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ပါပဲ။ ယူရိုပါလိဂ်ပြိုင်ပွဲကလည်း ကျွန်တော်တို့တွေ အာရုံစိုက်ရမယ့် ပြိုင်ပွဲတခုပါ။ ကျွန်တော်တို့က အဆင့် ၂ ၊ အဆင့်၃နဲ့တင် ကျေနပ်တဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့က အနိုင်ရချင်သူတွေပဲ စုစည်းထားတဲ့ ထိပ်သီးအသင်းပါ” လို့ ကြွေးကြော်သွားခဲ့တာပါ။

Exit mobile version