လက်ရှိကျင်းပလို့နေတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း စောင့်ကြည့်လို့သွားရမယ့် ကစားသမားစာရင်းထဲမှာ ဆွီဒင်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးလေး အီဆက်ခ်တစ်ယောက် ပါဝင်လို့နေပါတယ်။ ဒီကစားသမားလေးဟာ ဘောလုံးပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်ပြီး စပိန်လာလီဂါကလပ် ရီးယဲလ်ဆိုစီဒက်အသင်းမှာ ပါဝင်ကစားနေသူဖြစ်သလို အခု ယူရိုပြိုင်ပွဲမှာလည်း အီဘရာဟီမိုဗစ် မပါဝင်လာနိုင်တဲ့ ဆွီဒင်အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နေသူလည်းဖြစ်ပါတယ်။

Photo Credit : DW

အသက်(၂၁)နှစ်အရွှယ်သာ ရှိလို့နေသေးတဲ့ အလက်ဆန်းဒါးအီဆက်ခ်ဟာ အသက်ငယ်ရွှယ်စဉ်မှာပဲ ဆွီဒင်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခဲ့ရဖူးသူဖြစ်သလို ဒေါ့မွန်အသင်းမှာလည်း ပါဝင်ခဲ့ရဖူးသူလည်းဖြစ်ပါတယ်။ အသက် ငယ်ငယ်လေးနဲ့ ဘောလုံးအရည်အသွေးကောင်းတွေ ပိုင်ဆိုင်လို့ထားတဲ့ အီဆက်ခ်ဟာ ဆွီဒင်ကလပ် AIK အသင်းမှာ ကစားနေစဉ်အတွင်း ရီးယဲလ်မက်ဒရစ်လို ထိပ်တန်းအသင်းတွေကြီးရဲ့ ကမ်းလှမ်းမှုကိုပါ ရရှိခဲ့ပေမယ့် အီဆက်ခ်ကတော့ သူ့အတွက် အခွင့်အရေးတွေ ပိုရနိုင်မယ့် ဒေါ့မွန်အသင်းကိုပဲ ရွေးချယ်ခဲ့ပြီး (၂)ရာသီနီးပါးလောက် ဘွန်ဒစ်လီဂါမှာ ကျင်လည်ခဲ့ပါတယ်။

Photo Credit : Sky Sport

ဂျာမန်မြေမှာ ခြေစွမ်းပြခွင့်တောင် သိပ်မရခဲ့တဲ့ အီဆက်ခ်ဟာ ၂၀၁၉ခုနှစ်မှာပဲ လာလီဂါကလပ် ဆိုစီဒက်အသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ အီဆက်ခ်ဟာ သူရဲ့လာလီဂါကစားသမားဘဝ ပထမဆုံးရာသီမှာတော့ ပွဲပေါင်းများစွာကို ပါဝင်ကစားခဲ့ရတဲ့အပြင် အသင်းအတွက်ကိုလည်း (၉)ဂိုးအထိကို သွင်းယူနိုင်ခဲ့သလို ဆိုစီဒက်အသင်းနဲ့အတူ စပိန်ကိုပါဒယ်ရေးဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဆိုစီဒက်ကစားသမားဘဝ ပထမရာသီမှာပဲ စိတ်ကျေနပ်စရာကောင်းတဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့တဲ့ အီဆက်ခ်ဟာ ဒုတိယရာသီမှာတော့ သူရဲ့လာလီဂါသွင်းဂိုးက (၁၇)ဂိုးအထိကို ရှိလာခဲ့ရပြီး ခြေစွမ်းပိုင်းလည်း အတော်လေးကို တိုးတတ်လာခဲ့ရပါတယ်။ အရပ်အမောင်း မြင့်မားတဲ့ အထောင်တိုက်စစ်မှူးစစ်စစ် အီဆက်ခ်ဟာ လက်ရှိ ယူရိုပြိုင်ပွဲမှာလည်း ဆွီဒင်အသင်းအတွက် ခြေစွမ်းပြသလျက်ရှိနေလို့ သူ့ကို ချယ်လ်ဆီး လီဗာပူးလ် မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့လို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေကြပြီး အီဆက်ခ်ရဲ့လက်ရှိတန်ကြေးကတော့ ယူရိုသန်း(၅၀)လောက်ကို ရှိနေတဲ့အပြင် ယူရိုပြိုင်ပွဲအတွင်း ပိုမိုခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင် သူရဲ့တန်ကြေးက ခုန်တတ်လာနိုင်ဖွယ် ရှိနေပါတယ်။