မန်ချက်စတာယူနိုက်တက်အသင်းကတော့ နွေစျေးကွက်အတွင်းမှာ ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒီဘိခ်ကို ခေါ်ယူပြီးနောက် ဗဟိုခံစစ်နေရာနဲ့ ညာတောင်ပံနေရာတွေအတွက် နောက်ထပ်ကစားသမားသစ်တွေကို အားဖြည့်ခေါ်ယူသွားဖို့ ကျန်ရှိနေသေးပေမယ့်လည်း ကစားသမားသစ် သိပ်မလိုအပ်လှတဲ့ ဘယ်နောက်ခံနေရာအတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ကစားသမား ဆာဂျီယိုရယ်ဂီလွန်ကိုသာ ကြိုးပမ်းလာခဲ့သလို အခုလည်း ပေါ်တိုအသင်းရဲ့ဘရာဇီးနောက်ခံလူ အဲလက်စ်တဲလက်စ်နဲ့ အပြောင်းအရွှေ့သတင်းတွေ ရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Forbes

အသက်(၂၇)နှစ်အရွှယ်ရှိ ဘရာဇီးဘယ်နောက်ခံကစားသမား တဲလက်စ်ဟာ ချယ်လ်ဆီး ပီအက်စ်ဂျီအသင်းတွေနဲ့ ဒီနှစ်နွေစျေးကွက်အတွင်း အပြောင်းအရွှေ့သတင်းတွေ ပေါ်ထွက်ခဲ့သူဖြစ်သလို ယူနိုက်တက်အသင်းနဲ့လည်း ကောလဟာလတွေ ထွက်ပေါ်ခဲ့ဖူးသူဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်အသင်းအနေနဲ့ ရယ်ဂီလွန်နဲ့သာ သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် ဒီနေ့ညနေခင်းလောက်မှာပဲ ပေါ်တိုဘယ်နောက်ခံလူ တဲလက်စ်နဲ့ ရုတ်တရက် သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး တဲလက်စ်ရဲ့အေးဂျင့်ကလည်း မန်ချက်စတာမြို့အတွင်းမှာ ရောက်ရှိနေတယ်လို့ သတင်းတွေထွက်လာခဲ့ပါတယ်။

Photo Credit : UtdReport

ဥရောပအတွေ့အကြုံရှိ နောက်ခံအစွန်လူ တဲလက်စ်ဟာ ဘယ်ခြမ်းတခြမ်းလုံးမှာ အကောင်းဆုံးကစားနိုင်သူဖြစ်ပြီး လိုအပ်ရင် ဘယ်တောင်ပံကစားသမားအဖြစ်နဲ့ပါ ကစားနိုင်သူဖြစ်ပါတယ်။ အင်တာမီလန် ဂါလာတာစာရေးအသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ တဲလက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ပေါ်တိုအသင်းအတွက် သွင်းဂိုး(၁၃)ဂိုးအထိတောင် သွင်းယူထားနိုင်တဲ့ Quality Side Back Player ဖြစ်ပြီး ဂိုးဖန်တီးမှုတွေကိုလည်း (၁၂)ဂိုးအထိ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တဲလက်စ်ဟာ လက်ရှိမှာ ပေါ်တိုအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်လို့ စာချုပ်သက်တမ်းမတိုးနိုင်ရင် ၂၀၂၁ခုနှစ်မှာ အလွတ်ဆုံးရှံးရနိုင်တာကြောင့် ဒီနွေစျေးကွက်အတွင်းမှာပဲ အပြီးသတ်ရောင်းချရနိုင်ပြီး ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်သန်း(၃၀)လောက်နဲ့ ရောင်းချနိုင်ပါတယ်။ ရယ်ဂီလွန်ရဲ့ပြောင်းရွှေ့ကြေးနဲ့လည်း ဆင်တူနေတာဖြစ်ပြီး ယူနိုက်တက်ဘက်ကနေလည်း ဘယ်ခြမ်းခံစစ်အတွက် ကစားသမားခေါ်ယူလိုနေတာဖြစ်လို့ ရယ်ဂီလွန်နဲ့ တဲလက်စ်တို့နှစ်ယောက်ထဲကမှ ဘယ်ကစားသမားကို ယူနိုက်တက်အသင်းက ခေါ်ယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။