မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသင်းဖော်ဟောင်းတွေဖြစ်ကြတဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ဝိန်းရွန်နီတို့နှစ်ဦးဟာ ၂၀၀၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ လက်ရွေးစင်အသင်းတွေနဲ့အတူ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ကြရာ ရွန်နီအနေနဲ့ ပေါ်တူဂီ ကစားသမားတစ်ဦးကို ကစားပုံကြမ်းတမ်းမိခဲ့တာကြောင့် ကွင်းလယ်ဒိုင်ရဲ့ အနီကတ်ပြသမှုကို ကြုံတွေ့လိုက်ရပြီး တစ်ဆက်တည်းမှာပဲ ရော်နယ်လ်ဒိုကလည်း အရန်ခုံတန်းမှာ ရှိနေတဲ့ ပေါ်တူဂီအသင်းဖော်တွေဆီကို မျက်စိမှိတ်ပြခဲ့လို့ ဒီဖြစ်ရပ်ဟာ အဲ့ဒီအချိန်ကာလမှာ တော်တော်လေးကို ဟိုလေးတကျော်ကျော် ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : The Sun

အဲ့ဒီအချိန်တုန်းကတော့ မီဒီယာအများစုမှာ ဖော်ပြဖြစ်ခဲ့တာက ရော်နယ်လ်ဒိုအနေနဲ့ ဝိန်းရွန်နီ ထုတ်ပယ်ခံရအောင် ကွင်းလယ်ဒိုင်ကို ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့ပြီး တကယ်လည်း ရွန်နီ ထုတ်ပယ်ခံရချိန်မှာ သူရဲ့လုပ်ရက် အောင်မြင်ခဲ့တယ်ဆို်တဲ့ သဘောမျိုးနဲ့ မျက်စိမှိတ်ပြခဲ့တာလို့ ဖော်ပြကြတာ ဖြစ်ပါတယ်။ ဒီကိစ္စရပ် ဖြစ်ခဲ့ပြီးတဲ့နောက်မှာ ရွန်နီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ဆက်ဆံရေးက ကလပ်အသင်းပေါ်မှာပါ ရိုက်ခတ်လာမှာကို ယူနိုက်တက် ပရိသတ်တွေက စိုးရိမ်ခဲ့ကြပေမယ့်လည်း ဒီကစားသမားနှစ်ယောက်က တွဲဖက်ညီညီနဲ့ကို အသင်းအတွက် အကောင်းဆုံး ကစားနိုင်ခဲ့ကာ အောင်မြင်မှုတွေလည်း ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ရွန်နီ ရော်နယ်လ်ဒိုတို့ရဲ့ ဆရာသမားဟောင်းလည်းဖြစ် ယူနိုက်တက်အသင်းရဲ့ ဂုရုကြီးလည်းဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်က “ရော်နယ်လ်ဒိုက ရွန်နီ အနီကတ်ပြ ထုတ်ပယ်ခံရခြင်းကို မျက်စိမှိတ်ပြခဲ့တာ မဟုတ်ပါဘူး။ သူ မျက်စိမှိတ်ပြခဲ့တယ်ဆိုတာက အရန်ခုံမှာ ရှိနေကြတဲ့ သူရဲ့အသင်းဖော်တွေက သူ့ကို စိတ်လျှော့ထားဖို့ လှမ်းပြောနေတာကို သူ့ဘက်က ထောက်ခံတဲ့အနေနဲ့သာ ပြုမှုခဲ့တာပါ။ Wazza (ရွန်နီရဲ့နာမည်ပြောင်) ကလည်း တကယ့်ကို အံ့မခန်းပါပဲ။ သူ ကျွန်တော့်ဆီကို ဖုန်းဆက်ပြီးတော့ ဘောလုံးရာသီသစ် မစတင်ခင်မှာ သူနဲ့ ရော်နယ်လ်ဒိုတို့နှစ်ယောက်ကို ကမ္ဘာ့ဖလားကိစ္စရပ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် တီဗီအင်တာဗျူး ဘာကြောင့်မလုပ်တာလဲလို့ မေးသေးတယ်။ ဒါက နည်းနည်းဂယက်ထသွားပုံ ရခဲ့တယ်ဆိုပေမယ့်လည်း သူ အထုတ်ပယ်ခံရတာက ရော်နယ်လ်ဒိုကြောင့် မဟုတ်ဘူးဆိုတာကို ရွန်နီက သိနေတယ်။ သူက ပေါ်တူဂီ ကစားသမားတစ်ယောက်ကို ဖြတ်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့သာ အထုတ်ပယ်ခံခဲ့ရတာဆိုတာကို သူ လက်ခံခဲ့တယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။