ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ယခုအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အီတလီလူမျိုး ထိပ်တန်း နည်းပြ ကွန်တီကို သဘောကျတဲ့ လူတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားပြီးနောက် ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြန်လည် ရယူနိုင်ဖို့ အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ဆိုးလ်ရှားကို နည်းပြအဖြစ် ခန့်အပ်ပြီး သူ လိုချင်တဲ့ လူအင်အား ဖြည့်တင်းမှုတွေ အားလုံးကို လုပ်ဆောင်ပေးခဲ့ပေမယ့် အသင်းရဲ့ ခြေစွမ်းပိုင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အတော်လေး ဆိုးရွားနေခဲ့တာကြောင့် ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေပါတယ်။

Photo Credit: Reuters

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီးပါက အင်တာမီလန်အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆု ပြန်လည် ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ မျက်စိကျနေပြီး ကွန်တီထံ ဆက်သွယ်မှုတွေလည်း ပြုလုပ်ထားပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ အတွင်းမှာ ကွန်တီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်မယ့် ဆုံးဖြတ်ချက်ကို သဘောမကျတဲ့ လူတချို့ ရှိနေသေးပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကတော့ ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း ထောက်ခံပေးထားတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းဌာနက ဆိုပါတယ်။

Photo Credit: Reuters

ဆာအဲလက်စ် ဖာဂူဆန်ဟာ ကွန်တီ တယောက် ချယ်လ်ဆီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ၂၀၁၇ခုနှစ်ထဲက ကွန်တီရဲ့ အသင်းအပေါ် စိတ်ဓာတ်အင်အား အပြည့်နဲ့ ကိုင်တွယ်ပုံကို သဘောကျနေသူ ဖြစ်ပြီး ကွန်တီကို ချီးကျူးမှုတွေလည်း ပြုလုပ်ဖူးပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်က – “ ကွန်တီက ထိပ်တန်း နည်းပြတဦးပါ။ ဒါကို မင်းတို့လည်း မြင်နိုင်ပါတယ်။ သူ့ရဲ့ ကွင်းဘေးကနေ အင်အားအပြည့်နဲ့ ညွှန်ကြားမှုတွေ လုပ်နေတဲ့ ပုံစံက တကယ်ကို ကောင်းပါတယ်။ အသင်းတသင်းရဲ့ ပုံရိပ်ကို နည်းပြဆီမှာ မြင်ရတယ် ဆိုတဲ့ စကားပုံက အတော်လေး မှန်ပါတယ်။ ဒါကြောင့်လည်း ကွန်တီရဲ့ အသင်းက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ အချိန်အကြာကြီး ရပ်တည်နေနိုင်ပြီး အာဆင်နယ်နဲ့ လီဗာပူးကို ရှုံးပြီးကတည်းက ရှုံးပွဲမကြုံတော့တာပေါ့” လို့ ချီးကျူးဖူးတာလည်း ဖြစ်ပါတယ်။