MySport Myanmar

ဂွာဒီယိုလာက မန်စီးတီးကို ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်တယ်လို့ ကိုလာရော့ဗ် ယုံကြည်

မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ အလက်ဆန်ဒါကိုလာရော့ဗ်က လက်ရှိ မန်စီးတီးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြပက်ဂွာဒီယိုလာဟာ အသင်းရဲ့ အဓိက လိုအပ်ချက်ကြီးဖြစ်တဲ့ ဥရောပ ချန်ပီယံလိဂ် ဆုဖလားကြီးကို အသင်းအတွက် ရယူပေးသွားနိုင်မယ့် နည်းပြမျိုး ဖြစ်တယ်လို့ ယုံယုံကြည်ကြည် ပြောဆိုလိုက်ပါတယ်။

Photo Credit : Sky Sports

ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်ဖလား (၂)ကြိမ်ထိ ရယူပေးနိုင်ခဲ့တဲ့ နည်းပြဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့ချိန် အခုထိ ပရီးမီးယားလိဂ် ချန်ပီယံပေါင်း (၄)ကြိမ်အထိ ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ပြည်တွင်းဆုဖလား အားလုံးကိုလည်း သိမ်းပိုက်ရယူထားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အသင်းကို ဗိုလ်လုပွဲအဆင့်ထိသာ ပို့ဆောင်နိုင်ခဲ့ပြီး ဒေသတွင်း ပြိုင်ဘက်ဖြစ်တဲ့ ချယ်လ်ဆီးကို အရေးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့သာ ကျေနပ်ထားခဲ့ရပါတယ်။ ဒါပေမယ့် ကစားသမားဟောင်း ကိုလာရော့ဗ်ကတော့ ဂွာဒီယိုလာဟာ မန်စီးတီးနည်းပြအဖြစ် ဆောင်ရွှက်နေစဉ် အချိန်အတွင်းမှာ အသင်းကို ချန်ပီယံလိဂ်ဖလားကြီး ရယူပေးနိုင်မယ့် နည်းပြတစ်ဦးလို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

Photo Credit : The Sun

ကိုလာရော့ဗ်က သူ့အသင်းဟောင်းနဲ့ ပတ်သတ်ပြီး “မန်စီးတီးအသင်းမှာ ဆုဖလားအားလုံးအတွက် စိန်ခေါ်နိုင်တဲ့ အရည်အသွေးမျိုး ရှိနေပါတယ်။ ပက်ကလည်း အသင်းကို အဆင့်အတန်းတစ်ခုထိ တတ်လှမ်းလာနိုင်အောင် ဆွဲတင်ပေးခဲ့ပြီး ကမ္ဘာ့ထိပ်တန်း အသင်းတစ်သင်းဆိုတဲ့ အဆင့်မျိုး ဖြစ်လာအောင် ထိန်းသိမ်းပေးထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရီးယဲလ်မက်ဒရစ် ဘာစီလိုနာ ဘိုင်ယန်မြူးနစ်တို့လို အဆင့်မျိုးရောက်ဖို့အတွက် အများကြီး ကြိုးစားရမှာ ဖြစ်ပေမယ့် ပက်နဲ့အတူဆိုရင် ဒါကို အောင်မြင်ဖို့ အခွင့်အရေးတွေအားလုံး ကျွန်တော်တို့ ရှိပါတယ်” လို့ ပြောဆိုသွားခဲ့သလို သူ့အသင်းဟောင်းက ဒီနှစ်ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ထပ်မံရယူနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးတွေ ရှိနေပြီး ချန်ပီယံ ထပ်ဖြစ်လိမ့်မယ်လို့လည်း ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဆာဘီးယား ကစားသမားကြီး ကိုလာရော့ဗ်ဟာ လာဇီယို မန်စီးတီး ရိုးမား အင်တာမီလန်အသင်းတွေမှာ ကစားသမားဘဝကို ကျင်လည်ခဲ့သူဖြစ်ပြီး မန်စီးတီးအသင်းနဲ့လည်း ပရီးမီးယားလိဂ်ဖလား အက်အေဖလား လိဂ်ဖလားတို့ကို ပိုင်ဆိုင်ခဲ့သလို ပြီးခဲ့တဲ့ ဇွန်လမှာပဲ ဘောလုံးသမားဘဝကနေ အနားယူသွားခဲ့ပါတယ်။

Exit mobile version