MySport Myanmar

အာဂျင်တီးနားလူငယ်ကြယ်ပွင့် အလီဂျို ဗီလစ်ဇ်ကို ခေါ်ယူနိုင်တော့မယ့် စပါး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက အာဂျင်တီးနားကလပ် ရိုဆာရီယို စန်ထရယ်ရဲ့ လူငယ်ကြယ်ပွင့် ဗီလစ်ဇ်ကို ခေါ်ယူနိုင်တော့မယ်လို့ အာဂျင်တီးနား သတင်းရင်းမြစ်တွေနဲ့ ယုံကြည် စိတ်ချရတဲ့ သတင်းထောက်တွေက တညီတညွတ်ထဲ ဖော်ပြလာကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်တိုက်စစ်မှူး အလီဂျို ဗီလစ်ဇ်က ရိုဆာရီယို စန်ထရယ်ရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူက ၂၀၂၁ခုနှစ်မှ စတင်ကာ ရိုဆာရီယို အတွက် ပါဝင် ကစားပေးနေသူပါ။

Photo Credit: Mundo AS

အလီဂျို ဗီလစ်ဇ်က ယခုနှစ် ဘောလုံးရာသီမှာတော့ ရိုဆာရီယို စန်ထရယ်နဲ့အတူ အတော်လေး ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ဗီလစ်ဇ်ဟာ ရိုဆာရီယို စန်ထရယ် အတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ စပါး အပါအဝင် ဥရောပ နာမည်ကြီးကလပ် တချို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး စပါးကတော့ အခြားအသင်းတွေ အားလုံးထက် လက်ဦးမှု ရယူကာ ဗီလစ်ဇ်ကို ခေါ်ယူနိုင်ဖို့ လျင်လျင်မြန်မြန် လှုပ်ရှားနေပါတယ်။

Photo Credit: Central

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးက ယနေ့မနက်ပိုင်းမှာပဲ ဗီလစ်ဇ်ကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ရော ၊ ရိုဆာရီယို စန်ထရယ်နဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဆွေးနွေးမှုတွေက အဆင်ပြေ အောင်မြင်နေသလို ဗီလစ်ဇ်က စပါးဆီ ပြောင်းဖို့ သဘောတူလိုက်ပြီလို့ သိရပါတယ်။

အာဂျင်တီးနား အခြေစိုက် သတင်းဌာနတွေကလည်း ဗီလစ်ဇ်ဟာ စပါးဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားကြသလို စပါးက ဗီလစ်ဇ်အတွက် ရိုဆာရီယို စန်ထရယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ဝန်းကျင် ပေးချေရဖွယ် ရှိကြောင်း ဖော်ပြထားကြပါတယ်။

Exit mobile version