MySport Myanmar

ဂနာချိုရဲ့ ဒဏ်ရာ အခြေအနေက ထင်ထားတာထက် ပိုမို ဆိုးရွှားဖွယ်ရှိနေ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ် ကစားသမားလေး အလက်ဂျန်ဒရိုဂနာချိုရဲ့ ဒဏ်ရာအခြေအနေဟာ ထင်ထားထင်တာထက် ပိုမို ပြင်းထန် ဆိုးရွှားနိုင်တယ်လို့ အာဂျင်တီးနား အားကစား ရုပ်သံ TyC Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : UK Daily News

အာဂျင်တီးနား လူငယ် ကြယ်ပွင့်လေး ဂနာချိုဟာ မန်ယူနိုက်တက်နဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်လာရင်း ဆောက်သမ်တန် ညာနောက်ခံလူ ဝေါ်ကာပီတာစ်ရဲ့ ဖြတ်ထုတ်မှုကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ပွဲအပြီးမှာ ဂနာချိုက ချိုင်းထောက် အကာအကွယ်ဖိနပ်တို့ကို ဝတ်ဆင်ပြီး အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့တာကိုပါ မြင်တွေ့ခဲ့ရပါတယ်။

Photo Credit : The Sun

ဆယ်ကျော်သက်အရွယ် ကစားသမားလေး ဂနာချိုဟာ နည်းပြ အဲရစ်တန်ဟက်ဂ်လက်အောက်မှာ ပွဲကစားခွင့်တွေ ပိုမို ရရှိထားပြီး ဒီရာသီထဲ ပြိုုင်ပွဲစုံ ပွဲပေါင်း (၃၀)ခန့်လောက်အထိ ကစားခွင့် ရရှိထားခဲ့သလို (၄)ဂိုး သွင်းယူကာ (၅)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ (၁၅)ပွဲအထိ ကစားခွင့် ရထားခဲ့တဲ့ ဂနာချိုကို ၂၀၂၂ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနား လက်ရွေးစင်အသင်းက အသင်းရဲ့ ကစားသမားစာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခဲ့ပေမယ့် လက်ရှိ သူရဲ့ဒဏ်ရာအခြေအနေကြောင့် လက်ရွေးစင်အသင်းနဲ့ ပွဲထွက်ဖို့ စောင့်ဆိုင်းရဖွယ် ရှိနေပါတယ်။

Photo Credit : Forbes

ဒါ့အပြင် မန်ယူနိုက်တက်အသင်းအတွက် အရေးကြီးနေတဲ့ အချိန်အခါမျိုးမှာ ဂနာချိုလို အဓိက ကစားသမားတစ်ယောက် ထပ်မံ ဒဏ်ရာ ရရှိသွားတာက ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုလည်း ဖြစ်သွားစေနိုင်ပါတယ်။ ဒါပေမယ့် ဂနာချို ဒဏ်ရာရသွားချိန်မှာ နောက်ထပ် လူငယ် တောင်ပံကစားသမားတစ်ဦးဖြစ်သူ ဖာကန်ဒိုပယ်လစ်စထရီက အသင်းမှာ ပိုမို နေရာရလာနိုင်ပြီး ဒီ တောင်အမေရိက ကစားသမားလေးရဲ့ စွမ်းဆောင်ရည်တွေကိုလည်း စောင့်ကြည့်ခွင့် ရလာနိုင်ပါတယ်။

Exit mobile version