အရပ်အမောင်းကောင်းကောင်း ကိုယ်လုံးပါးပါးနဲ့ ဘရာဇီးတိုက်စစ်ကစားသမား ဂျိုးကို ဘောလုံးပရိသတ်တွေ မှတ်မိကြဦးမလား။ မန်စီးတီး အဲဗာတန်အသင်းတွေနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်ခဲ့တဲ့ ဂျိုးဟာ ပရိသတ်တွေရဲ့ မျက်စိရှေ့ကနေ ပျောက်ကွယ်နေတာ အတော်လေးကို ကြာမြှင့်နေပြီဖြစ်လို့ သူရဲ့ပရိသတ်တွေအနေနဲ့ မှတ်မိချင်မှလည်း မှတ်မိနိုင်တော့မယ်လို့ ထင်ပါတယ်။ အခုအချိန်ထိ ကစားသမားဘဝကို အဆုံးမသတ်သေးတဲ့ ဂျိုးဟာ တကယ်တော့ လျှမ်းလျှမ်းတောက် ဖြစ်လာခဲ့ပြီးမှ သူရဲ့ကစားဘဝက အနိမ့်ဆုံးအခြေအနေအထိ ထိုးကျသလို ဖြစ်ခဲ့ရကာ အရက်ရဲ့ကျေးကျွန်လည်း ဖြစ်ခဲ့ရတယ်လို့ သူကိုယ်တိုင်က ဝန်ခံလာခဲ့ပါတယ်။

Photo Credit : FootTheBall

အသက်(၃၃)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင်ဟောင်း တိုက်စစ်မှူးဂျိုးဟာ ဘရာဇီးထိပ်သီးကလပ် ကိုရင်သီယန်စ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၀၅ခုနှစ်မှာတော့ ရုရှားကလပ် စီအက်စ်ကေအေမော်စကိုအသင်းဆီ ရောက်ရှိသွားခဲ့ပါတယ်။ မော်စကိုမှာ အတော်လေးကို ခြေစွမ်းပြခဲ့တဲ့ ဂျိုးကို ၂၀၀၈ခုနှစ်မှာပဲ မန်စီးတီးအသင်းကနေ ခေါ်ယူခဲ့ပြီး အသင်းမှာ အံ့ဝင်အောင် ရုန်းကန်ခဲ့ရတာကြောင့် ရာသီဝက်မှာပဲ အဲဗာတန်ဆီ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ အဲဗာတန်မှာ ရာသီဝက်အငှားနဲ့ လာရောက်ကစားတုန်း ခြေစွမ်းပြခဲ့တဲ့ ဂျိုးကို နောက်ထပ်တစ်ရာသီ ထပ်မံအငှားနဲ့ ခေါ်ယူရာမှာတော့ လုံးဝခြေမပေါ်နိုင်တော့ပဲ မန်စီးတီးဆီ ပြန်လည်ပို့ဆောင်ခဲ့ရပါတယ်။

Photo Credit : FIFA.com

အဲ့ဒီနောက်ပိုင်းမှာတော့ ဂျိုးဟာ သူရဲ့ မွေးရပ်မြေ ဘရာဇီးကို ပြန်သွားခဲ့သလို ယူအေအီး တရုတ်နဲ့ ဂျပန်အသင်းတွေမှာပါ သွားရောက်ကစားခဲ့ပါတယ်။ ဂျိုးဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့လည်း ၂၀၁၃ ကွန်ဖရက်ဒေးရှင်းဖလားနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ဝင်ရောက်ဆင်နွဲခဲ့ပြီး လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၂၀)လောက် ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် ဂျိုးဟာ ဘရာဇီးနဲ့ ကမ္ဘာ့ဖလားဆင်နွဲပြီးတဲ့နောက် မင်နဲရိုးလ်အသင်းကို ပြန်ရောက်ချိန်မှာပဲ အသင်းအတွက် ပွဲထွက်ခွင့်တွေက နည်းပါးလာခဲ့ရလို့ အရက်သေစာ သောက်သုံးမိသလို ဇနီးဖြစ်သူနဲ့လည်း လမ်းခွဲရတဲ့အထိကို ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့အနေနဲ့ အမှားတွေများစွာကို လုပ်ဆောင်မိခဲ့တယ်လို့လည်း ဂျိုးက ဝန်ခံသွားခဲ့ပြီး အယ်ကိုဟောက သူ့ဘဝကို ဖျက်ဆီးလုနီးပါးအထိ ဖြစ်ခဲ့ရလို့ အယ်ကိုဟောသောက်သုံးခြင်းကို ရပ်တန့်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသက်(၃၀)ကျော်ဖြစ်လို့နေတဲ့ ဂျိုးဟာ ယခင်တုန်းကလိုမျိုး ခြေစွမ်းတွေ ပြန်လည်ပြသနိုင်ဖို့က မဖြစ်နိုင်တော့ပဲ သူရဲ့ကစားသမားဘဝကလည်း နေဝင်ချိန်ကို ရောက်လုနီးပါး ဖြစ်နေတာကြောင့် ဒီထက်မဆိုးသွားအောင်ပဲ ဆက်ထိန်းထားပြီး ဘောလုံးသမားဘဝကို အကောင်းဆုံး အဆုံးသတ်နိုင်အောင် ကြိုးစားရတော့မှာဖြစ်ပါတယ်။