ပရီးမီးယားလိဂ် ပြိုင်ပွဲက အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ အလန် စမစ်ကတော့ အာဆင်နယ်အသင်းအနေနဲ့ သရေပွဲစဉ်တွေကို နိုင်ပွဲတွေ အဖြစ် ပြောင်းလဲပစ်နိုင်မယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်မှာ ဖြစ်တယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ပြန်စဖို့ ပြင်ဆင်နေပြီး ယခုလ ဇွန်လ (၁၇) ရက်နေ့၊ ပရီးမီးယားလိဂ် ပြန်စမယ့် နေ့မှာပဲ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင် ကစားသွားကြမှာပဲ ဖြစ်ပါတယ်။

Photo Credit: LondonFootball

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် (၉) နေရာမှာ ရပ်တည်နေပြီး အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၇) မှတ် ကွာဟနေတဲ့ အတွက်ကြောင့် နောက်နှစ်မှာ ချန်ပီယံလိဂ် ဝင်နိုင်ဖို့ နိုင်ပွဲတွေ အများကြီး ရဖို့ လိုအပ်ပါတယ်။ အလန် စမစ်ဟာ အာဆင်နယ်အသင်းမှာ (၁၉၈၇-၈၈) ခုနှစ်ကနေ (၁၉၉၄-၉၅) ခုနှစ်ကြာအထိ ကစားခဲ့ပြီး အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၄၇) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၁၁၅) ဂိုး သွင်းယူခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်နေခဲ့ပါတယ်။

Photo Credit: LondonFootball

အလန် စမစ်က “နည်းပြ အာတီတာက လုပ်စရာ အလုပ် အများကြီး ရှိတယ်။ မှားနေတဲ့ အရာ အများကြီးကို အမှန်ပြင်ရဦးမယ်။ ရာသီအလယ်မှာ အသင်း တစ်သင်းကို နည်းပြရတာကတော့ မလွယ်ပါဘူး။ ဒါပေမယ့် တိုးတတ်မှု အချို့ကို မြင်ရကြမှာပါ။ သူတို့ ဘောလုံး ဆုံးရှုံးတဲ့ အခါမှာ ပိုစုဖွဲ့လာပါတယ်။ သူတို့မှာ သရေပွဲစဉ် အရမ်း များတယ်။ တကယ်လို့ အာဆင်နယ်အသင်းက သရေပွဲစဉ်တွေကို နိုင်ပွဲ အဖြစ် ပြောင်းလဲနိုင်မယ် ဆိုရင် သူတို့ ချန်ပီယံလိဂ်ကို ဝင်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ရေရှည် စီမံကိန်း ဖြစ်ပြီး ချန်ပီယံလိဂ် ဝင်နိုင်ဖို့အတွက် အပြောင်းအရွေ့ ဈေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ရပါဦးမယ်။ ဒါပေမယ့် နည်းပြ အာတီတာက သူမှာ ရှိတဲ့ သူတွေကို တိုးတတ်စေနိုင်တဲ့ နည်းပြပါ။ သူတို့မှာ ဆာလောင်မှု ရှိနေပါတယ်”လို့ ပြောကြားသွားပါတယ်။