MySport Myanmar

ဟော်လန်းအနေနဲ့ သူ့စံချိန်ကို မီနိုင်ဖို့ (၂၅၈)ဂိုး ကျန်သေးတယ်လို့ အလန်ရှီးယား ကျီစယ်

ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာစီးတီး ကစားသမားသစ် အာလင်းဟော်လန်းက သူရဲ့ ပရီးမီးယားလိဂ် တာထွက်မှာတော့ အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပြီး သူဟာ ဘယ်လိုကစားသမားမျိုးလဲဆိုတာကို ပြသနိုင်ခဲ့သလို သူ့ကို လှောင်ပြောင်နေကြတဲ့ သူတွေကိုလည်း အသံတိတ်သွားစေခဲ့တဲ့အပြင် ဘောလုံးနယ်ပယ်က အထင်ကရ လူတချို့ရဲ့ ချီးကျူးမှုတွေကိုပါ ရရှိခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒီနွေဈေးကွက်မှာပဲ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့သူ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟော်လန်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အတွင်း မန်စီးတီးအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ရင်း အသင်းအတွက် သွင်းဂိုး(၂)ဂိုးလုံးကို သူတစ်ဦးတည်းကပဲ သွင်းယူသွားနိုင်ခဲ့ပါတယ်။ ဆာလ်ဇ်ဘာ့ဂ် ဒေါ့မွန်အသင်းတွေအပြင် နော်ဝေလက်ရွေးစင်အသင်းမှာပါ သူရဲ့ ဂိုးသွင်းစွမ်းရည်ကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ ဟော်လန်းဟာ အခုလည်း မန်စီးတီးအတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၂)ဂိုး သွင်းယူပြီးနောက်မှာ ဒီရာသီ ရွှေဖိနပ်ဆုအတွက် ရေပန်းစားမှု ရာခိုင်နှုန်းက ပိုမိုမြင့်တတ်လာခဲ့ရပါ့တယ်။

Photo Credit : Daily Star

ဒီအချိန်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲတလျှောက် သွင်းဂိုးအများဆုံး သွင်းယူထားနိုင်ခဲ့သူ အလန်ရှီးယားက ဟော်လန်းအနေနဲ့ သူရဲ့ သွင်းဂိုး စုစုပေါင်း (၂၆၀)ဂိုးကို လိုက်မီနိုင်ဖို့အတွက် (၂၅၈)ဂိုး ကျန်နေသေးတယ်လို့ ကျီစယ်သွားခဲ့ပါတယ်။ နယူးကာဆယ် ဘလက်ဘန်းအသင်းတွေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး အလန်ရှီးယားဟာ မကြာသေးခင်ကမှ ဟော်လန်းနဲ့ တွေ့ဆုံထားခဲ့တာဖြစ်ပြီး နှစ်ယောက်တွဲ ရိုက်ကူးထားတဲ့ ဓါတ်ပုံကို ဟော်လန်းက သူရဲ့ အင်စတာဂရမ်မှာပါ ဖော်ပြထားခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဟော်လန်းကို The Sun သတင်းစာရဲ့ ပင်တိုင်ဆောင်းပါးရှင် ပီရက်စ်မော်ဂန်က “မယုံကြည်နိုင်စရာကောင်းလောက်သူ” လို့ ချီးမွမ်းထားခဲ့သလို အင်္ဂလန် ကစားသမားဟောင်းကြီး ဂယ်ရီလိုင်နီကာကလည်း “ဟော်လန်းက ရပ်တန့်လို့ မရတဲ့သူ။ သွင်းဂိုး အရေအတွက်တွေ အမြောက်အများကို သွင်းယူနိုင်တဲ့ တိုက်စစ်မှူးကောင်းတစ်ဦး။ တကယ့်ကို ထူးချွန်တဲ့ အရည်အချင်း ရှိသူတစ်ဦး” လို့ အမွှမ်းတင် ပြောဆိုထားခဲ့ပါတယ်။ ဒါပေမမယ့် ဟော်လန်းက သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ဟက်ထရစ်ရနိုင်မယ့် အခြေအနေမျိုး ရှိနေခဲ့တာကို မန်စီးတီးနည်းပြ ဂွာဒီယိုလာက လူစားလဲမှု ပြုလုပ်ခဲ့တဲ့အပေါ်မှာတော့ သိပ်ဘဝင်မကျသလို ဖြစ်နေရပါတယ်။

Exit mobile version