မနေ့ ညနေအစောပိုင်းက အယ်တီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အိမ်ရှင်မန်စီးတီးက ပွဲအစပိုင်းမှာပဲ အာဆင်နယ်ဘက်ကို (၂)ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ပွဲကစားချိန် (၃၅)မိနစ်ခန့်မှာပဲ အာဆင်နယ်ကွင်းလယ်လူ ချာကာက မန်စီးတီး နောက်ခံအစွန်လူ ဂျာအိုကန်ဆယ်လိုကို ဖြတ်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရကာ ကစားသမားတစ်ယောက်လျော့သွားတဲ့ အာဆင်နယ်လည်း ပေးဂိုး(၃)ဂိုး ထပ်မံခွင့်ပြုရရင်းနဲ့ (၅)ဂိုးပြတ်နဲ့ကို အပြတ်အသတ် အရေးနိမ့်သွားခဲ့ရပါတယ်။

Photo Credit : Daily Mail

နွေစျေးကွက်အတွင်း ရိုးမားအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ တောက်လျှောက်ထွက်ပေါ်ခဲ့တဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာဟာ အာဆင်နယ်အသင်းမှာသာ ဆက်လက်ရှိနေခဲ့တဲ့အပြင် အသင်းနဲ့လည်း စာချုပ်သက်တမ်းပါ တိုးမြှင့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူရဲ့ မဆင်မခြင် ကြမ်းတမ်းတတ်တဲ့ ကစားဟန်ကြောင့် မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ထိပါ ပြသခံခဲ့ရပြီး နဂိုကတည်းက (၂)ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့တဲ့ အသင်းကိုပါ အခြေအနေ ပိုဆိုးသွားစေခဲ့ပါတယ်။ ဒါကြောင့် အသင်းရဲ့အခြေအနေကို ပိုဆိုးရွှားစေခဲ့တဲ့ ချာကာကို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကစားသမားဟောင်းကြီး အလန်ရှီးယား ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Daily Mail

ချာကာနဲ့ပတ်သက်ပြီး အလန်ရှီးယားက “ဒါက သူရဲ့ကစားသမားဘဝတလျှောက် ပြသခံခဲ့ရတဲ့ (၁၁)ကြိမ်မြောက် အနီကတ်ပါ။ ခင်ဗျားအနေနဲ့ ဒါကို ဆင်ခြင်မပေးနိုင်သင့်ဘူး။ သူ့ အသင်းဖော်တွေကို ပြောခဲ့တဲ့စကားက ‘ငါမပါပဲ မင်းတို့ချည်းပဲ ယှဉ်ပြိုင်ရတော့မှာကို စိတ်မကောင်းပါဘူး။ ငါ ဒီနေ့ စိတ်ခံစားချက်တွေ မကောင်းနေဘူး’တဲ့။ သူက ဘယ်သူ့ကို အထင်ကြီးဖို့ ကြိုးစားနေတာလဲဆိုတာကို ကျွန်တော်လည်း နားမလည်နိုင်ဘူး။ ခင်ဗျားအနေနဲ့ ဒီလိုပုံစံမျိုးနဲ့ ဖြတ်ထုတ်မှုကို မလုပ်ဆောင်သင့်ဘူးလေ။ ကျွန်တော်တို့အားလုံး ပြိုင်ပွဲကနေ ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေကို သိရှိနေတာပဲလေ။ သူရဲ့ဖြတ်ထုတ်မှုက ပြိုင်ဘက်ကစားသမားအတွက်လည်း အန္တရာယ် ဖြစ်စေနိုင်တယ်။ အဲ့ဒီအပေါ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကတော့ မှန်ကန်မှု ရှိခဲ့ပါတယ်။ ဒီဖြတ်ထုတ်မှုကို အာတီတာလည်း ဒေါသထွက်ကောင်းထွက်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒါက အသင်းရဲ့ အနေအထားကို ဖျက်ဆီးလိုက်သလိုပါပဲ။ ဒီလို ကိစ္စမျိုးကို သူအနေနဲ့ လုံးဝကို မလုပ်ဆောင်ခဲ့သင့်ဘူး” လို့ ဝေဖန်လိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၃)ပွဲဆက်တိုက် အရေးနိမ့်ထားပြီး ရမှတ်ရော သွင်းဂိုးရော မရထားသေးသလို ပေးဂိုး(၉)ဂိုး ပေးထားရကာ အမှတ်ပေးဇယားရဲ့ အောက်ဆုံးကိုပါ ရောက်ရှိနေခဲ့ပါတယ်။