မနေ့ညက ကျင်းပခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်အပြီးမှာတော့ အိမ်ရှင် မန်ချက်စတာယူနိုက်တက်အသင်းက ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး အောင်ပွဲခံသွားနိုင်ခဲ့ပေမယ့် ဒီပွဲနဲ့ပတ်သက်ပြီး ပြောစရာတွေကတော့ အခုအချိန်ထိကို မကုန်နိုင်သေးပဲနဲ့ မန်ချက်စတာအသင်းနှစ်သင်းရဲ့ ပရိသတ်တွေကြားမှာလည်း ပြောစရာတွေ ကျန်နေသေးသလို ဘောလုံးနယ်ပယ်ထဲမှာ ကျင်လည်လျက်ရှိနေတဲ့ ဘောလုံးသုံးသပ်သူများရဲ့ကြားမှာလည်း ဒီမန်ချက်စတာဒါဘီနဲ့ပတ်သက်ပြီး ပြောစရာတွေက ကျန်ရစ်နေဦးမှာတော့ သေချာပါတယ်။ အခုလည်း အင်္ဂလန်လက်ရွေးဟောင်းကြီး အလန်ရှီးယားက မန်ချက်စတာဒါဘီနဲ့ပတ်သက်ပြီး သူ့အမြင်တွေကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ဘလက်ဘန်းနဲ့ နယူးကာဆဲလ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ အလန်ရှီးယားက “ယူနိုက်တက်ခံစစ်ကို ကျော်ဖြတ်ထိုးဖောက်တာမျိုးတွေကို မန်စီးတီးဘက်ကနေ အကောင်းဆုံးမလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်ခံစစ်ကလည်း အတော်လေးကို မာကျောတောင့်တင်းခဲ့ပါတယ်။ မန်စီးတီးဘောလုံးလမ်းကြောင်းတွေကိုလည်း အကောင်းဆုံးဟန့်တားထားနိုင်ခဲ့ပါတယ်။ မန်စီးတီိးမှာက အခြားရွေးချယ်ခွင့်တွေက မရှိသလောက်ပါပဲ။ တစ်ကွင်းလုံးနီးပါးက အနီရောင်အကျီင်္တွေချည်းပဲ လွှမ်းမိုးထားတဲ့ အနီရောင်ပင်လယ်ပြင်ကြီးတစ်ခုလို ဖြစ်နေတာလေ။ ဒါကို ဖြတ်ကျော်ဖို့ဆိုတာက လုံးဝကို မဖြစ်နိုင်အောင်လောက်ပါပဲ”

“ယူနိုက်တက်ကစားသမား ၃ ၄ယောက်လောက်က ပထမပိုင်းမှာ ဘောလုံးတဝိုက် အနီးကပ်ရှိနေတဲ့ ပုံစံမျိုးနဲ့ ကစားသွားခဲ့တယ်။ သူတို့အသင်းအတွက်က လွယ်ကူစေရတဲ့ ပွဲတစ်ပွဲဖြစ်သွားခဲ့ရတယ်။ သူတို့တွေရဲ့ခြေစွမ်းက အံ့မခန်းပါပဲ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပြီး မန်စီးတီးအသင်းရဲ့ ကစားပုံက ယူနိုက်တက်အတွက် ကြိုတင်မှန်းဆရလွယ်တဲ့ပုံစံဖြစ်နေခဲ့ရတယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ မန်စီးတီးအသင်းက အဲ့ဒီပွဲအတွင်းမှာ ခံစစ်အစွန်လူအဖြစ် ဝေါ်ကာ မန်ဒီအစား ကန်ဆယ်လိုနဲ့ ဇင်ချန်ကိုတို့ အသုံးပြုလာခဲ့ပြီး ကန်ဆယ်လိုကတော့ ဟန်မပျက်ကစားနိုင်ခဲ့ပေမယ့် ဇင်ချန်ကိုကတော့ ယူနိုက်တက်ညာခြမ်းတိုက်စစ်ကို ထိန်းချုပ်ရမှာ အားနည်းခဲ့သလို မန်စီးတီးကစားသမားအများစုရဲ့ ကြိုးအားထုတ်မှုအပိုင်းမှာလည်း သံသယဝင်စရာကောင်းလောက်အောင် ခြေစွမ်းပျက်ယွင်းနေခဲ့ရပါတယ်။