ပရီးမီးယားလိဂ် သမိုင်း တစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား အလန် ရှီယားကတော့ လက်ရှိရာသီ မပြီးရင် လီဗာပူးလ်အသင်းကို ဆုဖလား မပေးသင့်ဘူးလို့ ပြောကြားသွားပါတယ်။ လီဗာပူလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရမှတ် (၂၅) မှတ် ဖြတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်နေတာကြောင့် နောက်ထပ် (၂) ပွဲ အနိုင်ရရင် ပရီးမီးယားလိဂ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယား လိဂ် ပွဲစဉ်ကို ရပ်နားထားရလို့ နောက်ထပ် ပွဲစဉ် (၂) ပွဲကို ကစားနိုင်သေးလျက် ရှိပါတော့တယ်။

Photo Credit: Mirror

အင်္ဂလန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်နေတာကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို လာမယ့် ဧပြီလ (၄) ရက်နေ့အထိ ရပ်နားထားပြီး ပွဲစဉ်တွေ မကစားနိုင်လျက် ရှိနေပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဧပြီလ (၄) ရက်နေ့ နောက်ပိုင်း ပြန်လည် စတင်ဖို့ကလည်း လက်ရှိမှာ မသေချာလျက် ရှိပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကို ဖျက်သိမ်းဖို့ ပြောဆိုသံတွေ ရှိလာခဲ့ပါတယ်။ အလန်ရှီယားကတော့ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ ရမှတ် (၆) မှတ် လိုနေသေးတာကြောင့် ရာသီမပြီးရင် ဆုဖလား မရသင့်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

TheSun မှာ အလန် ရှီယားက “တကယ်လို့ ဒါကတော့ နည်းနည်း ကြီးမားတယ်၊ တကယ်လို့ ရာသီမပြီးဘူးဆိုရင် ဆုဖလား ရတဲ့ အသင်း ဒါမှမဟုတ် ရှုံးနိမ့်တဲ့ အသင်း ဆိုတာ မရှိရပါဘူး။ တကယ်လို့ ပွဲစဉ်တွေကို မပြီးဆုံးနိုင်ဘူး ဆိုရင် ဆုဖလားကို မပေးသင့်ဘူး။ ဘယ်အသင်းကိုမှ တန်းမဆင်းစေရပါဘူး။ လီဗာပူးလ်အသင်းအတွက် ဒါက သိပ်ကို ရက်စက်ရာတော့ ကျမှာပါ။ သူတို့က ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ (၆) မှတ်ပဲ လိုပါတော့တယ်။ ဒါပေမဲ့ သူတို့အနေနဲ့ အခုထက်ထိ ရမှတ် (၆) မှတ် မရနိုင်သေးဘူး။ အဲဒီအကြောင်းပြချက်ကြောင့် လက်ရှိရာသီကို ပယ်ဖျက်ရပါမယ်။ တကယ်လို့ သူတို့အသင်းက ရမှတ် (၆) မှတ် ရရှိပြီးသား ဖြစ်ပြီး ဆုဖလား ရရှိဖို့ သေချာပြီးမှ ပြိုင်ပွဲကို ရပ်နားရင်တော့ အလွန် ခြားနားသွားပါလိမ့်မယ်”လို့ ပြောသွားပါတယ်။