ပရီးမီးယားလိဂ်ရဲ့ လူသိများ ထင်ရှားတဲ့ နယူးကာဆယ်နဲ့ အင်္ဂလန်ရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး အလန်ရှီးယား ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၁-၀ နယူးကာဆယ် ပွဲစဉ်မှာ သူ့ရဲ့ အသင်းဟောင်း နယူးကာဆယ်ဘက်က ရရှိသင့်တဲ့ ပင်နယ်တီကို မျက်ကွယ်ပြုခဲ့တဲ့ ဒိုင်အဖွဲ့ကို လူမှုကွန်ယက်ပေါ် ကနေ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) အဖြစ် ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ဒ်ချ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိပေမယ့် အိမ်ရှင် ချယ်လ်ဆီးက အဓိက ကစားသမား ကိုင် ဟားဗက်ရဲ့ အဖိုးတန် နောက်ကျသွင်းဂိုးကြောင့် ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Fot Mob

ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ နှစ်သင်းစလုံးဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အသင်းနှစ်သင်း ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံနေတဲ့ ပွဲစဉ်ဟာ ထင်ထားတာထက် ပိုပြီး ကြည့်ကောင်းနေခဲ့ကာ ဧည့်သည် နယူးကာဆယ်ကလည်း ပင်နယ်တီ ရရှိနိုင်တဲ့ အခြေအနေမျိုးတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။

အထူးသဖြင့် ဒုတိယပိုင်းမှာ ချယ်လ်ဆီး လူငယ် နောက်ခံလူ ချာလိုဘက်ဟာ နယူးကာဆယ် တိုက်စစ် ကစားသမား ဂျာကော့ဘ် မာဖီကို ဂိုးဧရိယာ အတွင်းမှာ သိသိသာသာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် ကော်တီနဲ့ ဒိုင်အဖွဲ့ကတော့ အဆိုပါ ပြစ်ဒဏ်ဘောကို ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပြီး ထောင့်ကန်ဘော အဖြစ်သာ ပြောင်းလဲ သတ်မှတ်ပေးခဲ့ပါတယ်။

Photo Credit: Fot Mob

ကွင်းလယ်ဒိုင် ကော်တီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး လက်ရှိအချိန်မှာ ဝေဖန်မှုတွေ မြင့်တက်နေကာ နယူးကာဆယ် ဂန္တဝင် တိုက်စစ်မှူး အလန်ရှီးယားကလည်း သူ့ရဲ့ လူမှုကွန်ယက် အကောင့်မှာ “ဒါက ပင်နယ်တီပဲ။ လုံးဝကို သိသာတဲ့ ပင်နယ်တီပဲကွာ။ ဆုံးဖြတ်ချက်က အတော် ညံ့ဖျင်းတယ်” လို့ ရေးသား ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။