ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ အလန် ဘရာဇီးလ် ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ယူအသင်း အနေနဲ့ လက်ရှိ နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြသစ် တစ်ဦး ခန့်အပ်မယ် ဆိုပါက လက်စတာ အသင်းရဲ့ နည်းပြ ရော်ဂျာကိုသာ ခေါ်ယူသင့်ကြောင်း တိုက်တွန်း သွားခဲ့ပါတယ်။ မန်ယူအသင်း ဟာ လက်ရှိ ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ နေရပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အုပ်စုအဆင့် ကနေ တက်ဖို့ အခြေအနေ ကောင်းနေပေမယ့် ပရီးမီးယားလိဂ် မှာတော့ ၆ပွဲ ကစားပြီးတဲ့ အချိန်မှာ ရမှတ် ၇မှတ်သာ စုဆောင်း ထားနိုင်ခဲ့ကာ အဆင့် ၁၆နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: Talksport

ဒါ့ကြောင့်ပဲ မန်ယူအသင်းရဲ့ လက်ရှိ နည်းပြဖြစ်သူ ဆိုးလ်ရှားဟာ အသင်းရဲ့ ရလဒ်ဆိုးတွေကို အချိန်မှီသာ ပြုပြင်နိုင်ခြင်း မရှိပါက မကြာမီမှာ ရာထူးကနေ ထုတ်ပယ် ခံရနိုင်တယ် လို့ သတင်းတွေ ထွက်ပေါ်နေပြီး ဆိုးလ်ရှားရဲ့ နေရာမှာ စပါးအသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ပိုချက်တီနိုက ခန့်အပ် ခံရဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် Talksport သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာတော့ မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ အလန် ဘရာဇီးလ်က မန်ယူအသင်းဟာ တစ်ချိန်က လီဗာပူးအသင်းကို ကိုင်တွယ်ပြခဲ့သလို လက်ရှိမှာ လက်စတာအသင်းနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို ရောက်ရှိနေတဲ့ ရော်ဂျာကိုသာ အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း ဆိုခဲ့ပါတယ်။

Photo Credit: Talksport

ရော်ဂျာကို မန်ယူအသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်းကို အလန် ဘရာဇီးလ်က “ ကျွန်တော်သာ ဆိုရင်တော့ ဘရန်ဒန် ရော်ဂျာကို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြရာထူးကို ပေးလိုက်ပါမယ်။ အိုလီသာ ထွက်သွားမယ် ဆိုရင် သူ့ရဲ့ နေရာမှာ ဘရန်ဒန် ရော်ဂျာက လွဲပြီး ဘယ်သူမှ သင့်တော်မယ် လို့ မထင်ပါဘူး။ သူက လက်စတာအသင်းမှာ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည် တစ်ခုကို ပြသထားနိုင်ပါတယ်။ မှန်ပါတယ်။ သူက ငွေကြေး သုံးစွဲမှုကို စိတ်ကြိုက် ပြုလုပ်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲ့ဒီအချက်ကို ဂရုမစိုက်ပါဘူး။ ခင်ဗျားတို့ အမှတ်ပေးဇယားကို ကြည့်လိုက်ပါ။ သူက ထိပ်တန်းနည်းပြ တစ်ဦးဆိုတာ အဲ့ဒါက သက်သေပြနေပါတယ်” ဆိုပြီး ပြောကြား သွားတာပါ။