MySport Myanmar

အာဆင်နယ်က ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း မရှိသေးဘူးလို့ အလန်ရှီးယား သုံးသပ်

ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် စံချိန်မှတ်တမ်း တင်ထားနိုင်တဲ့ အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူးကြီး အလန်ရှီးယားကတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ အများကြီး တိုးတက်မှုတွေ ရှိလာပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်စွမ်း မရှိသေးဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

လန်ဒန်မြို့ အခြေစိုက် နာမည်ကြီးကလပ် အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်တဲ့ အသင်းတသင်း ဖြစ်ပြီး ယမန်နေ့မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၇)မှာလည်း ကစားရခက်တဲ့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ သက်သောင့်သက်သာ အနိုင်ရခဲ့ပါတယ်။

 

အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရဖူးတာကြောင့် ယခုတကြိမ် ပြန်လည် ရင်ဆိုင် တွေ့ချိန်မှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာဟာ လက်စားချေမှု တရပ် ဖြစ်ခဲ့ပြီး အာဆင်နယ်ရဲ့ ကစားသမားတွေကလည်း ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ အတွက် အတော်လေး ပျော်ရွှင်နေကြပါတယ်။

ဘရန့်ဖို့ဒ်လို မာကျောတဲ့ အသင်းကို အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ဘောလုံးရေးရာ သုံးသပ်သူ အများစုက အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ချီးကျူးနေကြပြီး အလန်ရှီးယားကတော့ အာဆင်နယ်ဟာ ဒီရာသီမှာ အများကြီး တိုးတက်လာတာ မှန်ပေမယ့် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းတော့ မရှိသေးဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

 

အလန်ရှီးယားက – “အာဆင်နယ်ကို ချန်ပီယံလုဘက် အဖြစ် သတ်မှတ်ပြီး ပြောဖို့ စောလွန်းနေသေးတယ်လို့ပဲ မြင်ပါတယ်။ ဒါပေမယ့် အခု အာဆင်နယ်က လွန်ခဲ့တဲ့ ၁၃လလောက်က အာဆင်နယ်ထက် အများကြီး ပိုကောင်းလာတယ် ဆိုတာကို လူတိုင်း သိနေကြပါပြီ။ ဒီနှစ်ရာသီအစက အတော်လေးကို ထူးဆန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့ အသင်းကြီးတွေက ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အတော်လေး ရုန်းကန်နေကြရလို့ပါ။ လီဗာပူးက သူတို့ရဲ့ အကောင်းဆုံး ပုံစံကို မရသေးသလို ချယ်လ်ဆီးကလည်း နည်းပြအပြောင်းအလဲကြောင့် ရလဒ်ကောင်း ရဖို့ ရုန်းကန်နိုင်ရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

Photo Credit goes to Mirror

Reference : Shearer’s Interview

Exit mobile version