ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ နောက်ခံကစားသမား ဒေးဗစ်အလာဘာကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့်လည်း အလာဘာဘက်ကတော့ ဒီကမ်းလှမ်းမှုတွေအပေါ် ဘာမှမတုန့်ပြန်လာခဲ့လို့ ဘိုင်ယန်ဘက်ကနေ သူတို့ရဲ့ကမ်းလှမ်းထားမှုတွေကို ပြန်လည်ရုတ်သိမ်းလိုက်ပြီဖြစ်ကာ အလာဘာအနေနဲ့ကလည်း ရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ သြစတြီးယားလက်ရွေးစင် နောက်ခံကစားသမား ဒေးဗစ်အလာဘာဟာ လာမယ့်၂၀၂၁ခုနှစ် ဇွန်လ(၃၀)ရက်နေ့မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကနေ သူ့ကို စာချုပ်သစ်ကမ်းလှမ်းမှုတွေ အကြိမ်ကြိမ်ကမ်းလှမ်းမှုတွေ လုပ်ဆောင်ပေးခဲ့ပေမယ့်လည်း ကစားသမားဘက်ကရော သူရဲ့အေးဂျင့်ဘက်ကနေပါ ဘာမှမတုန့်ပြန်ခဲ့တဲ့အပြင် စာချုပ်သစ်ကမ်းလှမ်းမှုအတွက် သတ်မှတ်ထားတဲ့ရက် အောက်တိုဘာ(၃၁)ကိုလည်း ကျော်လွန်သွားခဲ့တာကြောင့် ကမ်းလှမ်းမှုတွေကို ရုတ်သိမ်းလိုက်ပြီလို့ သိရှိရပါတယ်။

Photo Credit : Goal

အလာဘာဟာ ၂၀၀၈ခုနှစ်ကမှ သြစတြီးယားဝီအန်အသင်းကနေ ဘိုင်ယန်လူငယ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၁ခုနှစ်မှာတော့ ဟော့ဖန်ဟင်မ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားဖြစ်ခဲ့ပါတယ်။ အလာဘာဟာ ဘိုင်ယန်စီနီယာအသင်းကြီးမှာ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီကနေစတင်ပြီး ပုံမှန်နေရာရရှိလာခဲ့ကာ အသင်းရဲ့ အဓိကနောက်ခံလူတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ အလာဘာဟာ ဘိုုင်ယန်မှာ အတော်လေးကို အောင်မြင်ခဲ့သူဖြစ်ပြီး ဘွန်ဒစ်လီဂါနဲ့ ချန်ပီယံလိဂ်ဆုဖလားအပြင် ဆုဖလားပေါင်းများစွာကို ပိုင်ဆိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ အလာဘာဟာ ဘိုင်ယန်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် လုပ်ခလစာများစွာ တောင်းဆိုလို့ထားပြီး သူတောင်းဆိုထားတဲ့အတိုင်း မကမ်းလှမ်းခဲ့ရင် အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ အလာဘာကို ခေါ်ယူဖို့အတွက် မန်စီးတီး ဂျုဗင်တပ်စ် ပီအက်စ်ဂျီ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က ခေါ်ယူဖို့အတွက် အပြိုင်စိတ်ဝင်စားလျက်ရှိနေပြီး လတ်တလောအခြေအနေအရ အလာဘာဟာ Free Agent ကစားသမားတွေကို ကျွမ်းကျွမ်းဝင်ဝင် ခေါ်ယူနိုင်တတ်တဲ့ ဂျုဗင်တပ်စ်အသင်းဆီ ရောက်ရှိဖို့ အလွန်နီးစပ်လျက်ရှိနေပါတယ်။