ဘိုင်ယန်မြူးနစ်အသင်းမှာ အချိန်အတော်ကြာ ပါဝင်ကစားခဲ့ပြီး အသင်းလိုက်အောင်မြင်မှုတွေများစွာကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ သြစတြီးယား နောက်ခံကစားသမား ဒေးဗစ်အလာဘာကတော့ အသင်းနဲ့ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လာမယ့်ဇူလိုင်လမှာပဲ အသင်းကနေ ထွက်ခွာသွားတော့မှာဖြစ်တယ်လို့ အတည်ပြုပြောဆိုလိုက်ပြီဖြစ်သလို ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့လည်း အတော်လေးကို နီးစပ်လာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ သြစတြီးယားလက်ရွေးစင် နောက်ခံကစားသမား ဒေးဗစ်အလာဘာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး သူ့ကို အသင်းဘက်ကနေ စာချုပ်သစ်ချုပ်ဆိုဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့်လည်း အလာဘာကတော့ လစာတိုးမြှင့်တောင်းဆိုးကာ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပါတယ်။ အခုလည်း အလာဘာက သူအနေနဲ့ သူရဲ့(၁၃)နှစ်တာ သက်တမ်းရှိတဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဘဝကို အဆုံးသတ်တော့မှာဖြစ်ကြောင်း အတည်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အလာဘာက “ဒါဟာ လွယ်ကူလှတဲ့ ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်က ဒီနေရာမှာ (၁၃)နှစ်လောက်အထိကို နေခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်းဆိုတာကလည်း ကျွန်တော့်နှလုံးသားနဲ့ အနီးစပ်ဆုံးနေရာမှာကို ရှိနေပါတယ်။ အရာအားလုံးအတွက် ဘိုင်ယန်အသင်းကို ကျွန်တော် ကျေးဇူးအများကြီးတင်မိပါတယ်။ ဒီဆုံးဖြတ်ချက်ကို နေ့ချင်းညချင်းချမှတ်ဖို့ မလွယ်ကူတာကြောင့် ကျွန်တော် အချိန်ယူခဲ့ရပါတယ်။ ကျွန်တော့်အတွက် စိန်ခေါ်မှုအသစ်တစ်ခုကို ရရှိချင်ပါတယ်။ အဲ့ဒီအတွက်တော့ (အသင်းသစ်တစ်သင်းကို) ဆုံးဖြတ်ချက်မချရသေးပါဘူး။ ဒါကတော့ ဆက်ပြီးစဉ်းစားရဦးမှာပါ။ ကျွန်တော်ရဲ့အေးဂျင့်ဆီကို အသင်းပေါင်းများစွာကနေ ချိတ်ဆက်နေကြတယ်ဆိုတာကလည်း လျှို့ဝှက်ထားစရာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိမှာတော့ ကျွန်တော့်အသင်းအတွက်ကိုပဲ အာရုံစိုက်ထားချင်ပါတယ်။ ပိုက်ဆံက ကျွန်တော်ရဲ့ဆုံးဖြတ်ချက်မှာ အရေးပါတဲ့ အခန်းကဏ္ဍာမှာ မပါဝင်နေပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ အလာဘာဟာ ရီးရဲလ်အသင်းကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့အတွက် ဇန်နဝါရီလကတည်းက နှုတ်အားနဲ့ သဘောတူညီထားခဲ့ပြီး အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နေရာမှာ အလာဘာနဲ့ အစားထိုးသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။