ဩစတီးယား ခံစစ်ကစားသမား တစ်ဦး ဖြစ်တဲ့ ဒေးဗစ် အလာဘာ နဲ့ ဂျာမန်ဘွန်ဒက်လီဂါ ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် နဲ့ ရေစက်က မကြာခင် ကုန်ဆုံးတော့မှာ ဖြစ်ကာ အလာဘာ အနေနဲ့ ဘိုင်ယန်က ထွက်ခွာခဲ့ရင် စပိန်လာလီဂါက အသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဆီကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဘက်ကနေလည်း အလာဘာကို ခေါ်ယူသွားဖို့ အတွက် အလားအလာ ကောင်းတွေ ရှိနေပါတယ်။ အသက် ၂၈ နှစ်ရှိပြီ ဖြစ်တဲ့ ဒေးဗစ် အလာဘာ နဲ့ ဘိုင်ယန်မြူးနစ် အသင်းကြား ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်နှစ် ဇွန်လ မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီးတော့ ကစားသမား အနေနဲ့ ဇန်နဝါရီ ၁ ရက်နေ့က စတင်ပြီး အခြားအသင်းတွေနဲ့ အကြိုသဘောတူညီမှု စာချုပ်မျိုး ချုပ်ဆိုနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit: Marca

ဘိုင်ယန်မြူးနစ် အသင်း ဘက်ကနေလည်း အလာဘာ ရဲ့ တောင်းဆိုထားတဲ့ လစာ အတိုင်းမပေးနိုင်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ပြီး အလာဘာ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ လက်လွှတ်သွားဖို့ ရည်ရွယ်ထားပုံရပါတယ်။ ဂျာမနီသတင်းစာတွေရဲ့ ဖော်ပြချက်အရ အလာဘာ ဟာ လစာ အဖြစ် တစ်နှစ်ကို ယူရို ၁၀ သန်းလောက် လိုချင်နေတာ ဖြစ်ပြီးတော့ ဘိုင်ယန်မြူးနစ်အသင်းဘက်ကနေ မလိုက်လျောနိုင်တာကြောင့် အသင်းကနေ ထွက်ခွာပြီး သူ အမြဲတမ်း ကစားချင်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဆီ ကို ပြောင်းရွှေ့လိမ့်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ချယ်လ်ဆီး နဲ့ ပီအက်စ်ဂျီ စတဲ့ အသင်းကြီးတွေက ဒေးဗစ် အလာဘာ ကို ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားနေကာ ဇန်နဝါရီလ ၁ ရက်နေ့ စတင်ပြီး ကမ်းလှမ်းသွားကြမယ့် အသင်းတွေ ဖြစ်ကြပါတယ်။

Photo Credit: Marca

ပြီးခဲ့တဲ့ လအနည်းငယ်လောက်က ဥရောပ အသင်းကြီးတွေအကြား ချုပ်ဆိုထားတဲ့ ကျူးကျော်မှုမရှိရေး စာချုပ်ကို မထိခိုက်စေရန် အတွက် ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ အလာဘာ ကို ခေါ်ယူဖို့ ကိစ္စအတွက် ဇန်နဝါရီ ၁ ရက်နေ့အထိ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်း အနေနဲ့ ကတော့ အလာဘာ ကို လွယ်လွယ်ကူကူ နဲ့ ခေါ်ယူနိုင်အုန်းမှာ မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုရင် ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီး အသင်းတို့ကလည်း ရီးရဲလ်မက်ဒရစ် နဲ့ အပြိုင် အလာဘာ ကို အရခေါ်ယူနိုင်ဖို့ အတွက် စိတ်ပိုင်းဖြတ်ထားပုံ ရပါတယ်။ ဂျာမန်သတင်းစာဌာန Bildရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီ အသင်းဟာ အလာဘာ ကို ခေါ်ယူဖို့ အတွက် အားအထုတ်ဆုံး အသင်းဖြစ်နေပြီးတော့ ချယ်လ်ဆီး အသင်းကလည်း သူတို့ရဲ့ လူစာရင်းကို ထပ်ဖြည့်နိုင်ဖို့ အတွက် အလာဘmကို ငွေပုံပေးပြီး ကမ်းလှမ်းသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ ဒေးဗစ် အလာဘာ ကိုယ်တိုင်က သူ့အနေနဲ့ စပိန်မှာ ကစားချင်တယ်ဆိုပြီး အရင်က ပြောခဲ့ဖူးတာတွေရှိတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းဆီကို ပြောင်းရွှေ့နိုင်ဖို့ အတွက် နီးစပ်နေပြီလို့ ဆိုရပါမယ်။