ဂျာမန် ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ အလာဘာဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးနေပေမယ့် လက်ရှိအချိန်အထိ ဆွေးနွေးမှုတွေဟာ မတိုးတက်သေးဘူးလို့ သိရပါတယ်။ အသက် ၂၈ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဒေးဗစ် အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာသူ တစ်ဦးဖြစ်ပြီး ဗဟိုနောက်ခံလူ ၊ ဘယ်နောက်ခံလူ ၊ ကွင်းလယ်ခံစစ်နဲ့ ကွင်းလယ်နေရာတွေမှာ ကစားနိုင်သူ ဖြစ်ကာ လာမယ့် ၂၀၂၁ ခုနှစ် ဇွန်လအကုန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: AS English

ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့အသင်းရဲ့ အဓိက ကစားသမား ဖြစ်သလို အကယ်ဒမီကနေ ထွက်ပေါ်လာသူ တစ်ဦးဖြစ်တဲ့ အလာဘာကို ကစားသမားဘဝ ကုန်ဆုံးချိန်အထိ အသင်းမှာ ဆက်လက် ထိန်းသိမ်းထားလို နေပြီး စာချုပ်သစ်ကိစ္စ အတွက် အလာဘာနဲ့ ဆွေးနွေးနေပေမယ့် နှစ်ဦးနှစ်ဖက်ကြားမှာ သဘောတူညီမှုရဖို့ အလွန် ခဲယဉ်းနေတယ်လို့ သိရပါတယ်။ သတင်းတွေ အရတော့ အလာဘာရဲ့ အေးဂျင့်ဖြစ်သူဟာ စာချုပ်သစ်ကိစ္စမှာ အဓိက ဆွေးနွေးနေသူ ဖြစ်ပြီး တစ်နှစ်လုပ်ခလစာ ယူရို ၂၅သန်းနဲ့ ၅နှစ် စာချုပ် ချုပ်ဆိုဖို့ အလာဘာဘက်က တောင်းဆိုထားပြီး ဘိုင်ယန်မြူးနစ်အသင်း ကတော့ အလာဘာ တောင်းဆိုတဲ့ လုပ်ခလစာကို ပေးချေဖို့ ဆန္ဒမရှိပဲ တစ်နှစ်လုပ်ခ လစာ ယူရို ၁၈ သန်းနဲ့ ယူရို ၂၀သန်း ဝန်းကျင်သာ ပေးချေလိုနေကြောင်း သိထားရပါတယ်။

Photo Credit: AS English

လက်ရှိမှာတော့ အလာဘာရဲ့ စာချုပ်သစ်ကိစ္စနဲ့ ပတ်သတ်ပြီး ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ရူမင်နစ်ဂီ ကိုယ်တိုင် ပါဝင် ဆောင်ရွက်နေကာ ရူမင်နစ်ဂီကတော့ အလာဘာရဲ့ အေးဂျင့်ကို လောဘကြီးလွန်းသူ လို့ ဝေဖန်ခဲ့ပါတယ်။ အလာဘာရဲ့ အေးဂျင့်ဖြစ်သူ ကို ရူမင်နစ်ဂီက ” အလာဘာမှာ တော်တော်လေး လောဘကြီးတဲ့ အေးဂျင့်တစ်ယောက် ရှိနေပါတယ်။ ပြီးတော့ သူကိုယ်တိုင်ကလည်း အေးဂျင့်ရဲ့ လွှမ်းမိုးမှုတွေ ခံထားရပါတယ်။ အခု ဖြစ်နေတာက ငွေကြေးကိစ္စပါ။ အလာဘာဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းမှာ ရှိနေပါတယ် ” လို့ ဝေဖန်ထားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ခက်ခဲနေတဲ့ အလာဘာကိုတော့ လက်ရှိမှာ ဥရောပ ထိပ်သီးအသင်းကြီးတွေက စောင့်ကြည့်နေကြပြီး အကယ်၍ အလာဘာသာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာခွင့် ရရှိမယ်ဆိုပါက သူ့ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကမ်းလှမ်းဖွယ် ရှိနေပါတယ်။