ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် နောက်ခံကစားသမား ဒေးဗစ်အလာဘာကို ဘိုင်ယန်မြူးနစ်အသင်းကနေ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် စာချုပ်သစ်ကမ်းလှမ်းမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပေမယ့်လည်း ကစားသမားဘက်ကရော ကစားသမားရဲ့အေးဂျင့်ဘက်ကပါ ကမ်းလှမ်းထားမှုအပေါ် ပြန်လည်တုံ့ပြန်လာခြင်းမရှိတာကြောင့် ဘိုင်ယန်ဘက်ကနေ ကမ်းလှမ်းထားမှုတွေကို ရပ်တန့်လိုက်ပြီဖြစ်ကာ သက်တမ်းကုန်ဆုံးချိန်မှာ လမ်းခွဲကြဖွယ် ရှိနေပါတယ်။

Photo Credit : Football.London

အသက်(၂၈)နှစ်အရွှယ်ရှိ သြစတြီးယားလက်ရွေးစင် နောက်ခံကစားသမား ဒေးဗစ်အလာဘာဟာ ၂၀၀၈ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘိုင်ယန်လူငယ်အသင်း ဟော့ဖန်ဟင်မ်အသင်းတွေမှာ ပါဝင်ကစားပြီးနောက် ဘိုင်ယန်စီနီယာအသင်းမှာ နေရာရလာခဲ့တာဖြစ်ပါတယ်။ အလာဘာဟာ ဘိုင်ယန်ရဲ့အဓိက ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပြီး ဆုဖလားတွေကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အသင်းနဲ့ သက်တမ်းတိုးဖို့ကို အလာဘာဘက်ကနေ စိတ်မပါသလို ဖြစ်နေတာကြောင့် လာမယ့်နွေမှာ အလွတ်နဲ့ ဆုံးရှုံးရမှာထက် ငွေကြေးတစ်စုံတစ်ရာ ပြန်လည်ရရှိနိုင်ဖို့ လာမယ့်ဆောင်းစျေးကွက်မှာပဲ အသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

Photo Credit : Goal

ဘိုင်ယန်အနေနဲ့ လာမယ့်နွေမှာ အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရတော့မှာဖြစ်ပြီး သူ့လို World Class ကစားသမားကို ပြောင်းရွှေ့ကြေးမပါပဲ လက်လွတ်ရဖို့က နှမြောစရာအရမ်းကောင်းမှာဖြစ်လို့ မကြာခင်မှာ ဖွင့်လှစ်တော့မယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)လောက်နဲ့ ရောင်းချသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အလာဘာကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေက များစွာရှိလို့နေပြီး လက်ရှိမှာတော့ လီဗာပူးလ် မန်စီးတီး ပီအက်စ်ဂျီ ဂျုဗင်တပ်စ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ အပြိုင်စိတ်ဝင်စားလို့နေပါတယ်။ ဒီအသင်းတွေထဲကမှ ခံစစ်ပိုင်းမှာ လိုအပ်ချက်တွေရှိနေကြတဲ့ လီဗာပူးလ်နဲ့ ပီအက်စ်ဂျီတို့က အလာဘာကို လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ကြဖွယ် ရှိနေပါတယ်။ လီဗာပူးလ်ကတော့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းမှာပဲ ဘိုင်ယန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကိုလည်း ခေါ်ယူထားခဲ့ပြီး အခုလည်း နောက်ထပ်ကစားသမားတစ်ယောက်အဖြစ် အလာဘာကိုပါ ထပ်မံခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပြီး အသင်းရဲ့ခံစစ်ပိုင်းကို အားဖြည့်တင်းဖွယ် ရှိနေပါတယ်။