အပြောင်းအရွှေ့စျေးကွက်တွေအတွင်းမှာ ကစားသမားကောင်းတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတတ်လေ့ရှိတဲ့ အီတလီစီးရီးအေရဲ့လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းဟာ ဒီနှစ်နွေစျေးကွက်အတွင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ခြင်းမရှိပဲ လာမယ့်ရာသီမှသာ တကယ့် ကစားသမားကောင်းတစ်ယောက်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ သြစတြီးယားနောက်ခံကစားသမား ဒေးဗစ်အလာဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့တယ်လို့ စပိန်သတင်းမီဒီယာ TODOFICHAJES ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Transfermarket

အသက်(၂၈)နှစ်အရွှယ်ရှိ သြစတြီးယားလက်ရွေးစင် နောက်ခံကစားသမား အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ၂၀၀၈ခုနှစ်ကတည်းက ပါဝင်ကစားခဲ့တာဖြစ်ပြီး (၂)နှစ်အကြာမှာပဲ ဘိုင်ယန်စီနီယာအသင်းရဲ့ ရွေးချယ်ခံခဲ့ရရင်းနဲ့ တဖြည်းဖြည်းနဲ့ အသင်းရဲ့အဓိကနောက်ခံလူတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ အလာဘာက သူရဲ့လုပ်ခလစာကို တိုးမြှင့်တောင်းဆိုလို့နေပြီး အသင်းနဲ့လည်း စာချုပ်သက်တမ်းက လပိုင်းလေးသာ ကျန်ရှိနေတော့တာဖြစ်ကာ သူ့ဘက်ကနေ သက်တမ်းတိုးဖို့ကိုလည်း လက်မခံသေးတဲ့အတွက် လာမယ့်နွေစျေးကွက်မှာပဲ လမ်းခွဲရဖွယ် ရှိလို့နေပါတယ်။

Photo Credit : Goal

ဒီလိုအခြေအနေရှိနေတဲ့ အလာဘာကို မန်စီးတီး ပီအက်စ်ဂျီ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြပေမယ့် ဒီအသင်းတွေအားလုံးထက် ဂျုဗင်တပ်စ်အသင်းက ကျော်လွန်ပြီး အလာဘာကို ခေါ်ယူဖို့ အခြေအနေအရမ်းကောင်းနေကာ သဘောတူညီမှုအထိ ရယူထားနိုင်ခဲ့တယ်လို့ စပိန်မီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ ယခင်ကတည်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထိပ်တန်းကစားသမားကောင်းများစွာကို ခေါ်ယူခဲ့ပြီး အသင်းအတွက် အကျိုးရှိစေခဲ့ပါတယ်။ ဂျုဗင်တပ်စ်ဟာ ပီယာလို ပေါ့ဘာ ရမ်ဆေး ခီဒီရာ ရာဘီယော့ အမ်မရီချန်တို့လို ကစားသမားကောင်းတွေ ပြောင်းရွှေ့ကြေး လုံးဝမပါပဲ ခေါ်ယူနိုင်ခဲ့ပြီး အခုလည်း အလာဘာလို ဘယ်ခြမ်းခံစစ်မှာရော ဗဟိုခံစစ်နေရာမှာပါ ပါဝင်ကစားနိုင်တဲ့ အရည်အသွေးမြင့် ကစားသမားတစ်ယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ အလာဘာဟာ ဘိုင်ယန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား(၂)ကြိမ် ဘွန်ဒစ်လီဂါဖလား(၉)ကြိမ်အထိ ပိုင်ဆိုင်ခဲ့ရပြီး သူရဲ့လက်ရှိတန်ကြေးကလည်း ယူရို(၆၅)သန်းအထိ ရှိနေတာဖြစ်လို့ ဒီလို World Class ကစားသမားမျိုးကို ပြောင်းရွှေ့ကြေးတပြားတချပ်မှမရရှိပဲ လက်လွတ်ဆုံးရှံးရမယ့်အရေးက အသင်းအတွက် အရမ်းကို နစ်နာစေမှာ သေချာပါတယ်။