MySport Myanmar

ဆော်ဒီကလပ် အယ်လ် ရှာဘက်ရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် ဂျွန် တယ်ရီ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ နည်းပြလောကထဲကို ဝင်ရောက်ဖို့ အတွက် ကြိုးစားနေတဲ့ ဂျွန် တယ်ရီက ဆော်ဒီကလပ် အယ်လ် ရှာဘက်ရဲ့ နည်းပြသစ် အဖြစ် လုပ်ကိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

အသက် ၄၂နှစ် အရွယ် အင်္ဂလန် ဂန္တဝင် ခံစစ်မှူး ဂျွန် တယ်ရီက ကစားသမား ဘဝမှာ ကမ္ဘာ့အဆင့် ဗဟိုခံစစ်မှူး တဦး အဖြစ် သတ်မှတ်ခံရတဲ့ အထိ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီး သူက ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၅ကြိမ် ၊ ယူရိုပါလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ လိဂ်ဖလား (ကာရာဘောင်းဖလား) ၃ကြိမ် ၊ ကွန်မြူနတီဒိုင်း ၂ကြိမ် စုစုပေါင်း ဆုဖလား ၁၇လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

၂၀၁၈ခုနှစ်မှာတော့ ဂျွန် တယ်ရီက အက်စ်တွန်ဗီလာမှာ သူ့ရဲ့ ကစားသမား ဘဝကို အဆုံးသတ်ခဲ့ပြီး ကစားသမားဘဝ ကနေ အနားယူပြီးနောက် ဂျွန် တယ်ရီဟာ ချက်ချင်းပဲ ဗီလာရဲ့ နည်းပြအဖွဲ့ဝင် တဦး အဖြစ် ဝင်ရောက် လုပ်ကိုင်ရင်း နည်းပြတဦး အဖြစ် အသက်မွေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

ဂျွန် တယ်ရီက ၂၀၁၈ခုနှစ် ကနေ ၂၀၂၃ခုနှစ် အထိ ၅နှစ် ကြာအောင် နည်းပြချုပ် အမျိုးမျိုးရဲ့ လက်အောက်မှာ လှည့်လည် ပညာဆည်းပူးခဲ့ပြီး ယခုချိန်မှာတော့ ဆော်ဒီကလပ် အယ်လ် ရှာဘက်က ဂျွန် တယ်ရီကို သူတို့အသင်းရဲ့ နည်းပြချုပ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunရဲ့ ဖော်ပြချက်အရ အယ်လ် ရှာဘက်က ဂျွန် တယ်ရီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ ဆွေးနွေးမှုတွေ အဆင်ပြေခဲ့တာကြောင့် ဂျွန် တယ်ရီဟာ အယ်လ် ရှာဘက်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ သေချာနေကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailကလည်း ဂျွန် တယ်ရီ တယောက် အယ်လ် ရှာဘက်ကို ကိုင်တွယ်တော့မယ့် အကြောင်းအား ထပ်ဆင့် အတည်ပြုပေးခဲ့သလို တယ်ရီက အယ် ရှဘက်နဲ့ ၂နှစ် + ၂နှစ် စုစုပေါင်း ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုမယ်လို့လည်း ဆိုပါတယ်။

Exit mobile version