ကာတာ အင်အားကြီးကလပ် အယ်ဆတ်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဇာဗီကို သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခွင့် ပြုဖို့ ငြင်းဆန်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းနဲ့ စပိန်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီဟာ သူ့ရဲ့ နည်းပြဘဝကို အယ်ဆတ်အသင်းနဲ့ အတူ စတင်ခဲ့သူ ဖြစ်ပြီး အယ်ဆတ်အသင်းကို ၂ရာသီကြာ ကိုင်တွယ်ခဲ့ရာမှာ ဆုဖလားပေါင်း ၇လုံး အထိ ရယူနိုင်ခဲ့တာကြောင့် မကြာသေးမီကမှ ရော်နယ်ကိုးမန်းကို နည်းပြရာထူး ကနေ ထုတ်ပယ်ထားတဲ့ ဘာစီလိုနာအသင်းဟာ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေသလို ဇာဗီကလည်း ဘာစီလိုနာအသင်းကို ကိုင်တွယ်ချင်ကြောင်း အတိအလင်း ဝန်ခံထားပေမယ့် အယ်ဆတ်အသင်း ကတော့ ဇာဗီကို လက်လွှတ်ဖို့ ငြင်းဆန်ခဲ့ပြီး ကာတာ ဘောလုံးရာသီရဲ့ အရေးအကြီးဆုံး အနေအထားကို ရောက်ရှိနေချိန်မှာ အသင်းရဲ့ နည်းပြ ဇာဗီကို လက်လွှတ်ဖို့ဟာ မဖြစ်နိုင်ဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အယ်ဆတ်အသင်းက – “ ဘာစီလိုနာအသင်း ကနေ လွှတ်လိုက်တဲ့ တာဝန်ရှိသူတွေကို ပျော်ရွှင်စွာနဲ့ ကြိုဆိုပါတယ်။ ပြီးတော့ ဘာစီလိုနာအသင်း အပေါ် လေးစားမှု ရှိသလို အခုလိုမျိုး တလေးတစား ဆက်ဆံခံရတဲ့ အတွက် ကျေနပ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ အရင်တုန်းက ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့က အသင်းရဲ့နည်းပြ ဇာဗီကို ဆက်လက် ထိန်းသိမ်းချင်ပါတယ်။ ပြီးတော့ အခုလိုမျိုး ဒီနှစ် ဘောလုံံးရာသီရဲ့ အရေးအကြီးဆုံး အခိုက်အတန့်ကို ရောက်ရှိနေတဲ့ အချိန်မှာ ဇာဗီကို လက်လွှတ်ဖို့က မဖြစ်နိုင်ပါဘူး” လို့ တရားဝင် ထုတ်ပြန် ကြေညာခဲ့တာပါ။

Photo Credit: Marca

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ အယ်ဆတ်အသင်းရဲ့ ငြင်းဆန်မှုကို ရရှိထားသည့်တိုင် ဇာဗီကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ဆက်လက် ကြိုးစားနေဆဲ ဖြစ်ပြီး ဘာစီလိုနာအသင်းဟာ ဇာဗီ အတွက် စာချုပ်ဖျက်သိမ်းကြေး ပေးချေနိုင်ခြင်း မရှိတာက ပြဿနာ တခု ဖြစ်နေတယ်လို့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။