ဆော်ဒီပရိုလိဂ် နာမည်ကြီးကလပ် အယ်လ်နာဆာအသင်းဟာ မကြာခင်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကယ်လ်ဗင် ဒီဘရိုင်းကို ဘယ်လိုမှ ငြင်းဆန်လို့ မရနိုင်မယ့် မက်မောလောက်စရာ ကမ်းလှမ်းမှုတွေနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ဘောလုံးလောကရဲ့ GOAT ကြီးတွေထဲက တစ်ဦးကို အသင်းဆီ အရ ခေါ်ယူထားခဲ့ပြီးနောက် မာနေး ဘရိုဇိုဗစ် လာပေါ့တ် အော်တာဗီယို ဆီမာကန်တို့ကိုပါ ထပ်မံ အားဖြည့် ခေါ်ယူထားခဲ့ပြီး အသင်းကလည်း အတောင့်တင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။

Photo Credit : ZAWYA

ဒါပေမယ့် အဓိကပြိုင်ဘက်အသင်းတွေဖြစ်တဲ့ အယ်လ်ဟီလာနဲ့ အယ်လ်အစ်တီဟတ်တို့က အယ်လ်နာဆာထက် ကစားသမားအင်အားက ပိုမို တောင့်တင်းနေသလို အယ်လ်ဟီလာဆိုရင်လည်း ဆော်ဒီပြည်တွင်းမှာ ရှိသမျှ ဖလားတိုင်း သိမ်းပိုက်ရယူနေသလို အယ်လ်နာဆာနဲ့ ဆုံတိုင်းမှာလည်း အမြဲတမ်း အနိုင်ယူတက်ပါသေးတယ်။

ဒါကြောင့် အယ်လ်နာဆာအနေနဲ့ လာမယ့်ဈေးကွက်တွေထဲ ကမ္ဘာ့အဆင့် ထိပ်တန်းကစားသမားကောင်းတွေကို ထပ်မံ ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး လက်ရှိမှာတော့ မန်စီးတီးအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်းကို ခေါ်ယူဖို့ အသေအချာ စီစဉ်ထားလျက် ရှိနေပါတယ်။

Photo Credit : Antena Sport

အသက် (၃၃)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ဝါရင့် ကွင်းလယ်လူ ဒီဘရိုင်းဟာ မန်စီးတီးရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း နောက်ပိုင်းနှစ်တွေထဲ ဒဏ်ရာ ပြဿနာတွေနဲ့ ဆက်တိုက် ကြုံတွေ့နေရသလို အသက်အရွယ်အရ ခြေစွမ်းအကျပိုင်းလည်း ရောက်ရှိနေလို့ အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ပါ တွန့်ဆုတ်နေရပါတယ်။

ဒီအခြေအနေကို အယ်လ်နာဆာဘက်က စောင့်ကြည့်လျက် ရှိနေပြီး ဒီဘရိုင်းနဲ့ မန်စီးတီးတို့ သေချာပေါက် လမ်းခွဲကြမယ်ဆိုရင်တော့ အယ်လ်နာဆာက ဒီဘရိုင်းအတွက် တစ်ပတ်လုပ်ခ ပေါင် (၁)သန်းအထိ ပေးချေသွားဖို့ အသင့်ရှိနေသလို လက်မှတ်ထိုးကြေးကိုလည်း ပေါင် သန်း(၅၀)အထိပါ ပေးချေသွားနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ဒါ့အပြင် အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုကလည်း ဒီဘရိုင်းကို ခေါ်ယူဖို့ အသင်းထံ တိုက်တွန်းထားခဲ့ပါသေးတယ်။