MySport Myanmar

ရော်နယ်လ်ဒိုရဲ့ အသင်းဖော်ဟောင်း နှစ်ဦးကိုပါ ခေါ်ယူသွားချင်နေတဲ့ အယ်လ်နာဆာ

ဆော်ဒီအာရေဗျ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ ကမ္ဘာ့ထိပ်သီး ဘောလုံးသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အသင်းဆီ အရ ခေါ်ယူထားနိုင်ခဲ့ပြီးနောက်မှာ ရော်နယ်လ်ဒိုနဲ့အတူ ရီးယဲလ်မက်ဒရစ်အသင်းမှာ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ ဆာဂျီယိုရာမို့စ်နဲ့ လူကာမိုဒရစ်တို့ကိုပါ ထပ်မံ ခေါ်ယူသွားချင်နေတယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Star

လက်ရှိ ဆော်ဒီ အမှတ်ပေးလိဂ်မှာ ထိပ်ဆုံးနေရာကနေ ဦးဆောင်နေတဲ့ အယ်လ်နာဆာအသင်းဟာ အာရှဘောလုံး သမိုင်းတစ်လျှောက် အကြီးမားနဲ့ ဂုဏ်ယူစရာအကောင်းဆုံး ကစားသမား ခေါ်ယူမှုအဖြစ် ပေါ်တူဂီ စူပါစတားကြီး ရော်နယ်လ်ဒိုကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာတွေနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ် Ballon d’Or (၅)ကြိမ် ဆွတ်ခူးထားနိုင်ခဲ့သူ ရော်နယ်လ်ဒိုကို ခေါ်ယူထားပြီးတဲ့ အယ်လ်နာဆာဟာ လာမယ့်နွေမှာ လက်ရှိကလပ်အသင်းတွေနဲ့ စာချုပ် ကုန်ဆုံးကြတော့မယ့် နောက်ခံလူ ရာမို့စ် ကွင်းလယ်လူ မိုဒရစ်တို့ကိုပါ သူတို့အသင်းဆီ ခေါ်ဆောင်သွားဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit : Sports360

အယ်လ်နာဆာအသင်းအနေနဲ့ ဒီရာသီထဲ ဆော်ဒီ အမှတ်ပေးလိဂ် ချန်ပီယံ ဖြစ်လာခဲ့မယ်ဆိုရင် AFC ချန်ပီယံလိဂ်ပြိုင်ပွဲကိုပါ ဝင်ရောက် ဆင်နွဲရမှာဖြစ်လို့ ကစားသမား အင်အားကိုလည်း ပိုမို တောင့်တင်းစေချင်နေပြီး တစ်ချိန်က ရီးယဲလ်အသင်းမှာ အတွဲအဖက်မိခဲ့ကြတဲ့ ရော်နယ်လ်ဒို-မိုဒရစ်-ရာမို့စ်တို့ကိုပါ သူတို့အသင်းမှာ ပြန်လည် ပေါင်းစည်းပေးသွားချင်နေပါတယ်။ အယ်လ်နာဆာဟာ ရော်နယ်လ်ဒိုကို ခေါ်ယူခဲ့ပြီးချိန်မှာတောင် ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ အန်ဂိုလိုကန်တေကိုပါ ထပ်မံ ချိတ်ဆက်ခဲ့ပေမယ့် လက်ရှိမှာ ကန်တေက ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပြီဖြစ်လို့ လက်ရှိအချိန်ထိ ရီးယဲလ်အသင်းဆီကနေ စာချုပ်သစ် ကမ်းလှမ်းမှု မရရှိသေးတဲ့ မိုဒရစ်နဲ့ ပီအက်စ်ဂျီနဲ့ ဆက်လက် လက်တွဲသွားဖို့ မသေချာသေးတဲ့ ရာမို့စ်တို့ကို ပြောင်းလဲ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။ မိုဒရစ်နဲ့ ရာမို့စ်တို့ဟာလည်း လက်ရှိမှာ သူတို့အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုနဲ့ အသက်အရွယ် အတူတူလောက် ဖြစ်နေတာမို့ ရော်နယ်လ်ဒိုလို နယ်မြေသစ်တစ်ခုမှာ မြောက်များလှတဲ့ ဝင်ငွေတွေနဲ့အတူ ကစားသမားဘဝကို လှလှပပ အဆုံးသတ်ဖို့အတွက် အယ်လ်နာဆာအသင်းဆီ ပြောင်းရွှေ့လာမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

Exit mobile version