ဆော်ဒီ စူပါလိဂ်ရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ အယ် နက်ဆာက ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဆာဒီယို မာနေးကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်နဲ့ရော ၊ ကစားသမားနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် အက်သလက်တီကို မက်ဒရစ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူရန် ဆက်လက် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂူလက်တီက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အယ် နက်ဆာက ခရစ္စတီယာနို ရိုနယ်ဒို ၊ အော့စ်ပီနာ ၊ တဲလက်စ် ၊ တိုင်လစ္စကာ ၊ ဘရိုဇိုဗစ် စတဲ့ နာမည်ကြီး ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် သူတို့ရဲ့ ပြိုင်ဘက်တွေ ဖြစ်တဲ့ အယ် ဟီလယ် ၊ အယ် အာလီ စတဲ့ အသင်းတွေက ထိပ်တန်း တိုက်စစ်မှူးတွေကို ခေါ်ယူနေတာကြောင့် ဆာဒီယို မာနေးကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

လက်ရှိမှာ အယ် နက်ဆာက ဆာဒီယို မာနေးအတွက် ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းကျော် ပေးချေဖို့ သဘောတူညီမှု ရထားသလို မာနေးကလည်း တပတ် လုပ်ခလစာ ယူရို ၆သိန်းခွဲနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ခေါင်းညိတ်ထားပါတယ်။

အယ် နက်ဆာက မာနေးကို ခေါ်ယူဖို့ ကလပ်နဲ့ရော ၊ ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိပြီးနောက် သူတို့အသင်းရဲ့ အခြား ပစ်မှတ် ကစားသမားတွေ ဖြစ်တဲ့ ပီအက်စ်ဂျီကြယ်ပွင့် မာကွင်ဟို့စ်နဲ့ အက်သလက်တီကို မက်ဒရစ် ကြယ်ပွင့် ဂရစ်ဇ်မန်းတို့ကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Clutch Points

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဂူလက်တီရဲ့ ဖော်ပြချက်အရ အယ် နက်ဆာက မာနေးရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်ပြီးရင် ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စတင် ကြိုးစားမှာ ဖြစ်ပြီး အယ် နက်ဆာရဲ့ တာဝန်ရှိသူတွေက ဂရစ်ဇ်မန်းရဲ့ အေးဂျင့်တွေထံ ဆက်သွယ်ကာ ဂရစ်ဇ်မန်း တယောက် သူတို့အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူး ရှိ ၊ မရှိ မေးမြန်းထားကြောင်း သိရပါတယ်။

အသက် ၃၂နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းက အက်သလက်တီကို မက်ဒရစ်နဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်ကတော့ ဂရစ်ဇ်မန်းအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရောက်လာရင် ဂရစ်ဇ်မန်းကို ရောင်းချဖို့ ဆုံးဖြတ်ထားကာ အက်သလက်တီကို မက်ဒရစ်က ဂရစ်ဇ်မန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိပါတယ်။