မကြာသေးမီကမှ ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ၂နှစ် စာချုပ်နဲ့ ခေါ်ယူထားနိုင်တဲ့ ဆော်ဒီ နာမည်ကြီးကလပ် အယ် နက်ဆာက သူတို့အသင်းရဲ့ နောက်ထပ် ပစ်မှတ် အဖြစ် ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့် ကွင်းလယ်ခံစစ် ကစားသမား ဘက်စ်ကွက်ကို ခေါ်ယူရန် ကြိုးစားနေကြောင်း သိရပါတယ်။

ဆော်ဒီအစိုးရရဲ့ ကျောထောက်နောက်ခံပေးမှုကို ရထားတဲ့ အယ် နက်ဆာက ဆော်ဒီလိဂ်ကို ကမ္ဘာတဝှမ်းမှာ နာမည်ကြီးလာအောင် လုပ်ဖို့ ဆုံးဖြတ်ထားပြီး သူတို့ရဲ့ အစီအစဉ်တွေထဲက ပထမဦးဆုံး အစီအစဉ်ကတော့ နာမည်ကြီး ကြယ်ပွင့်တွေကို ဆော်ဒီလိဂ်ဆီ ခေါ်ဆောင်ဖို့ပါ။

Photo Credit: Marca

ဒါကြောင့်ပဲ အယ် နက်ဆာက ရိုနယ်ဒိုလို ဘောလုံးအားကစားရဲ့ နာမည်အကြီးဆုံး ကစားသမားကို လုပ်ခလစာ မြိုးမြိုးမြက်မြက် ပေးကာ ခေါ်ယူခဲ့သလို ရိုနယ်ဒိုအပြင် နောက်ထပ် နာမည်ကြီး ကစားသမားတွေကိုပါ ထပ်ခေါ်ဖို့ စဉ်းစားထားပြီး အယ် နက်ဆာရဲ့ ပထမဦးဆုံး ပစ်မှတ်ဟာ ဘာစီလိုနာကြယ်ပွင့် ဘက်စ်ကွက် ဖြစ်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ အယ် နက်ဆာက ဘက်စ်ကွက်ရဲ့ အေးဂျင့်ထံ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး အယ် နက်ဆာဟာ ဘက်စ်ကွက်ကို တနှစ် အသားတင် လုပ်ခလစာ ယူရို ၁၃သန်း (အခွန်ဆောင်ပြီး) ပေးချေမယ်လို့ ကမ်းလှမ်းထားကာ ဘက်စ်ကွက်က အယ် နက်ဆာရဲ့ ကမ်းလှမ်းမှုကို စဉ်းစားနေကြောင်း သိရှိရပါတယ်။

Photo Credit: Marca

ဘက်စ်ကွက်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဝါရင့် ကွင်းလယ်လူ တဦး ဖြစ်ပြီး ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ဘက်စ်ကွက်ကို အသင်းမှာ ဆက်နေအောင် ဖြောင်းဖျနေကြပေမယ့် ဘက်စ်ကွက်ကတော့ ဘာစီလိုနာကို စွန့်ခွာဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။

လက်ရှိမှာ အမေရိကန် မေဂျာလိဂ် ကလပ်တချို့ကလည်း ဘက်စ်ကွက်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပြီး ဘက်စ်ကွက်က သူ့ရဲ့ အသင်းသစ်ကို မကြာခင်မှာပဲ ရွေးချယ်နိုင်ကြောင်း ဘက်စ်ကွက်နဲ့ နီးစပ်သူ တချို့က စပိန်သတင်းဌာနတွေကို ထုတ်ပြောထားကြပါတယ်။