MySport Myanmar

ရိုနယ်ဒိုခေါ်ယူပြီးနောက် ဆာဂျီယို ရာမို့စ်ကိုပါ ထပ်ခေါ်ဖို့ ကြိုးစားနေတဲ့ အယ် နက်ဆာ

ဆော်ဒီနာမည်ကြီးကလပ် အယ် နက်ဆာက ယနေ့မနက် အစောပိုင်းမှာပဲ ပေါ်တူဂီ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို ၂နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် ရိုနယ်ဒိုရဲ့ အသင်းဖော်ဟောင်း ရာမို့စ်ကိုပါ ထပ်မံခေါ်ယူရန် ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

ဆော်ဒီအစိုးရရဲ့ ကျောထောက် နောက်ခံပေးမှုကို ရထားတဲ့ အယ် နက်ဆာက ပေါ်တူဂီကြယ်ပွင့် ရိုနယ်ဒိုကို တနှစ် လုပ်ခလစာ ယူရို ၂၀၀သန်း အထိ ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်ပြီး အယ် နက်ဆာဆီ ပြောင်းရွှေ့ပြီးနောက် ရိုနယ်ဒိုက ကမ္ဘာပေါ်မှာ လုပ်ခလစာ အများဆုံး အားကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Euro Sports

အယ် နက်ဆာက ရိုနယ်ဒိုကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာ ပေးချေခဲ့ရပေမယ့် သူတို့အသင်းရဲ့ တောင့်တင်း ခိုင်မာလှတဲ့ ဘဏ္ဍာရေးအင်အားကြောင့် နောက်ထပ် အထင်ကရ ကစားသမား တဦး ဖြစ်တဲ့ ဆာဂျီယို ရာမို့စ်ကိုပါ ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေပြီး အယ် နက်ဆာက ရာမို့စ်ရဲ့ အေးဂျင့်ဖြစ်သူထံ ကမ်းလှမ်းမှုတွေ ပေးပို့ထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက အခိုင်အမာ ဆိုထားပါတယ်။

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ အယ် နက်ဆာရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေက ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့ပြီးနောက် ဆာဂျီယို ရာမို့စ်ကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားနေပြီး ဆာဂျီယို ရာမို့စ်ကလည်း အသင်းဖော်ဟောင်း ရိုနယ်ဒို ရှိနေတဲ့ အယ် နက်ဆာဆီ ပြောင်းရွှေ့လာဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Euro Sports

 

အသက် ၃၆နှစ် အရွယ် ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်က လက်ရှိမှာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီမှာ ကစားနေပြီး သူက ပီအက်စ်ဂျီနဲ့ ယခုနှစ် ဘောလုံးရာသီကုန် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

ဒါကြောင့် အယ် နက်ဆာက ရာမို့စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်ရင် ရာသီကုန် အထိ စောင့်ဆိုင်းရဖွယ် ရှိနေပြီး အကယ်၍ အယ် နက်ဆာက ရာမို့စ်ကို ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ ခေါ်ယူဖို့ ဆန္ဒရှိရင်တော့ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း ဝန်းကျင် သုံးစွဲရနိုင်ကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

Exit mobile version