ဆော်ဒီ အင်အားကြီးကလပ် အယ် နက်ဆာက ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နံပါတ်တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း အာရပ်ဒေသ အခြေစိုက် သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ စပိန်လက်ရွေးစင် ဂိုးသမး ဒေးဗစ် ဒီဂီယာက ၂၀၁၁ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၂၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက အသင်းရဲ့ ဂိုးပေါက်ကို ၁၂နှစ်ကြာ တာဝန်ယူ ကာကွယ်ပေးခဲ့သူပါ။

Photo Credit: Goal

ဒေးဗစ် ဒီဂီယာက မန်ချက်စတာ ယူနိုက်တက် အတွက် ၁၂နှစ်ကြာ ကစားပေးခဲ့ရာမှာ စုစုပေါင်း ပြိုင်ပွဲစုံ ၅၄၅ပွဲ ပါဝင် ကစားပေးနိုင်ခဲ့ပြီး ပေးဂိုး ၅၉၀ဂိုး ခွင့်ပြုပေးခဲ့ရကာ ပေးဂိုးမရှိတဲ့ပွဲ ၁၉၀ပွဲ အထိ ပိုင်ဆိုင်ခဲ့ပါတယ်။

ဒီဂီယာက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ် ၁ကြိမ် အပါအဝင် ဆုဖလား ၈လုံး အထိ ဆွတ်ခူးနိုင်ခဲ့ပြီး သူနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားထဲမှာ ရှိနေတဲ့ လက်ရှိစာချုပ်က ယနေ့မှာပဲ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Inside Sports

ဒီဂီယာက မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေပေမယ့် နှစ်ဦးနှစ်ဖက်ကြားမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ မရှိသေးပဲ မန်ချက်စတာ ယူနိုက်တက်က ဒီဂီယာရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် အင်တာမီလန် ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ပါ ပြင်ဆင်ထားပါတယ်။

နာမည်ကြီး အာရပ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ ဒိုဟာသတင်းဌာနရဲ့ ဖော်ပြချက်အရ မကြာသေးမီကမှ မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်း ရိုနယ်ဒိုကို အလွတ်နဲ့ ခေါ်ယူထားတဲ့ ဆော်ဒီ ထိပ်သီးကလပ် အယ် နက်ဆာက ဒီဂီယာကို အလွတ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီး အယ် နက်ဆာက ဒီဂီယာကို ဂိုးသမား တဦး အတွက် စံချိန်တင် လုပ်ခလစာမျိုး ပေးချေဖို့ လိုလိုလားလား ရှိနေကာ ဒီဂီယာကလည်း အယ် နက်ဆာဆီ ပြောင်းဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။