ဆော်ဒီ စူပါလိဂ် ထိပ်သီးကလပ် အယ် နက်ဆာက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူ တဲလက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိပြီးနောက် ယူနိုက်တက်ရဲ့ နောက်ထပ် နောက်ခံလူ တဦး ဖြစ်သူ အဲရစ် ဘိုင်လီကို ခေါ်ယူရန် ထပ်မံ ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အယ် နက်ဆာက ယခုနှစ်အစမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုကို ခေါ်ယူပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား အများအပြားကို သူတို့အသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး တဲလက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄သန်း + အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူထားနိုင်ပါတယ်။

Photo Credit: 90 Min

အယ် နက်ဆာက ဒီနေ့မနက်မှာပဲ တဲလက်စ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ တရားဝင် လက်မှတ်ထိုးခဲ့ပြီး အယ် နက်ဆာက တဲလက်စ်ကို ဆေးစစ်ပြီးတာနဲ့ သူတို့ရဲ့ ကစားသမားသစ် အဖြစ် တရားဝင် ကြေညာတော့မှာပါ။

အယ် နက်ဆာက တဲလက်စ်ရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်ပြီးနောက် ယူနိုက်တက်ရဲ့ နောက်ထပ် နောက်ခံလူ တဦး ဖြစ်သူ ဘိုင်လီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ဘိုင်လီကို အယ် နက်ဆာထံ ရောင်းချချင်နေပါတယ်။

Photo Credit: Standard

အိုင်ဗရီကို့စ် လက်ရွေးစင် ဗဟိုနောက်ခံလူ ဘိုင်လီက ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာခွင့် ရထားသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ဘိုင်လီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

အင်္ဂလန် အခြေစိုက် သတင်းဌာနတွေနဲ့ ဆော်ဒီအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ အယ် နက်ဆာက ဘိုင်လီကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ အေးဂျင့်နဲ့ တွေ့ဆုံကာ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ထားပြီး လက်ရှိမှာ အယ် နက်ဆာ အပြင် ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ကပါ ဘိုင်လီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အယ် နက်ဆာဟာ ဘိုင်လီကို ခေါ်ယူချင်ရင် ခပ်မြန်မြန် လှုပ်ရှားဖို့ လိုအပ်နေကြောင်း သိရပါတယ်။