MySport Myanmar

အာဆင်နယ် ခံစစ်တံတိုင်း ဂါဘရီရယ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အယ်လ်နာဆာ

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းဟာ အာဆင်နယ်နောက်ခံလူ ဂါဘရီယယ် မာဂါလ်ဟေးစ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်ဟာ ဂါဘရီရယ်အတွင် ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ဖို့ပါ ပြင်ဆင်နေပါတယ်။

talkSPORT ရဲ့ အဆိုအရ ဆော်ဒီပရိုလိဂ်ထိပ်တန်းအသင်းဟာ ဂါဘရီယယ်ကို အာဆင်နယ်အသင်းကနေ ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး တစ်နှစ်လုပ်ခလစာ ယူရို သန်း ၂၀ (ပေါင် ၁၆ သန်း/ဒေါ်လာ ၂၁ သန်း) ဝန်းကျင်အထိ ပေးချေဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါဟာ လက်ရှိ အာဆင်နယ်မှာ ဂါဘရီယယ် ရရှိနေတဲ့ လုပ်ခလစာထက် သုံးဆနီးပါး ပိုများပါတယ်။ အယ်လ်နာဆာအသင်းဟာ ဂါဘရီယယ်ကို နွေရာသီမှာ ခေါ်ယူနိုင်ဖို့အတွက် ကနဦး ဆက်သွယ်မှုတွေပါ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

Photo Credit : Arsenal Insider

ဂါဘရီယယ်ရဲ့ လက်ရှိ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၇ ခုနှစ်အထိ ကျန်ရှိနေသေးပြီး မြောက်လန်ဒန်ကလပ်ဟာ ကစားသမားနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားနေပါတယ်။ အသစ်ခန့်အပ်မယ့် အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာက စာချုပ်ဆွေးနွေးမှုတွေကို ကိုင်တွယ်ဖို့ ရှိပါတယ်။

တကယ်လို့ နောက်ခံလူ ဂါဘရီယယ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့်အစား နောက်ရာသီမှာ ဆော်ဒီလိဂ်ဆီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရင် အာဆင်နယ်အနေနဲ့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း ၁၀၀ (ဒေါ်လာ သန်း ၁၃၀) ဝန်းကျင်အထိ တောင်းဆိုဖို့ မျှော်လင့်ရပါတယ်။

Photo Credit : Goal

ဂါဘရီယယ်ဟာ ၂၀၂၀ခုနှစ်ကတည်းက လိုင်လီကနေ အာဆင်နယ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အဲ့ဒီချိန်ကတည်းက အသင်းရဲ့ နောက်တန်းမှာ အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ဝီလီယံ ဆာလီဘာနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးခံစစ်အတွဲတွေထဲက တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ၂၀၂၄-၂၅ ဘောလုံးရာသီမှာတော့ ဂါဘရီယယ်ဟာ ပြိုင်ပွဲစုံ ၄၁ ပွဲ ပါဝင်ကစားထားပြီး ၅ ဂိုး သွင်းယူကာ ၁ ကြိမ် ဂိုးဖန်တီးပေးထားပါတယ်။

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး လာမယ့်ဧပြီ ၂ ရက်နဲ့ ၅ ရက်နေ့တွေမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်း အဲဗာတန်အသင်းတို့နဲ့ ကစားသွားရမှာဖြစ်ပြီး ဒီပွဲတွေ ပြီးတာနဲ့ ရီးယဲလ် မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲကို ရင်ဆိုင်သွားရပါမယ်။

Exit mobile version