MySport Myanmar

ရော်နယ်လ်ဒိုနဲ့ အံ့ဝင်ဖို့အတွက် အသင်းရဲ့ကစားပုံ ပြောင်းလဲရန် မလိုကြောင်း ဂါဆီယာ ဆို

ဆော်ဒီအာရေဗျကလပ် အယ်လ်နာဆာအသင်းရဲ့ ရူဒီဂါဆီယာက အသင်းရဲ့ ကစားသမားသစ် GOAT ကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဆီကနေ အကောင်းဆုံးပုံစံ ရယူနိုင်ဖို့အတွက် သူတို့အသင်းရဲ့ ကစားပုံကို ပြောင်းလဲသွားဖို့ မလိုအပ်ကြောင်း ထုတ်ဖော် ပြောကြာသွားခဲ့ပါတယ်။

Photo Credit : Flipboard

ပေါ်တူဂီ စူပါစတား ကစားသမားကြီး ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်ဒ်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီးနောက် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီကို ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွေ့သွားခဲ့ပြီး ဘောလုံးသမိုင်းကြောင်းတစ်လျှောက် ဝင်ငွေအမြင့်ဆုံး ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။ အယ်လ်နာဆာ ကစားသမားသစ် ဖြစ်လာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အသင်းဟောင်း ယူနိုက်တက်ဒ်မှာ ကစားခဲ့စဉ်တုန်းက သူရဲ့ပွဲပယ်ပြစ်ဒဏ်ကြောင့် အယ်လ်နာဆာနဲ့ ပွဲစဉ်(၂)ပွဲကိုပါ လွဲချော်ခဲ့ရကာ အယ်လ်အက်တီဖက်အသင်းနဲ့ ပွဲစဉ်မှသာ ပွဲဦးထွက်အဖြစ် ပါဝင်လာခဲ့ရပါတယ်။

Photo Credit : Daily Mail

ရော်နယ်လ်ဒိုရဲ့ ပွဲဦးထွက်နဲ့ ပတ်သတ်ပြီး အယ်လ်နာဆာနည်းပြ ရူဒီဂါဆီယာက “ကစားသမားတွေအနေနဲ့ ပုံမှန်အတိုင်း ကစားကြဖို့နဲ့ ခရစ္စတီယာနိုဆီကို ဘောလုံးတွေ ပေးပို့ဖို့ကိုသာ အမြဲ မကြိုးစားနေဖို့က အရေးကြီးပါတယ်။ ကွင်းထဲမှာ မှန်ကန်တဲ့ ရွေးချယ်မှုတွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူတို့ကို ကျွန်တော် မှာကြားထားပါတယ်။ ခရစ္စတီယာနို ဒါမှမဟုတ် တာလီစကာတို့က တစ်ဦးတည်း ဖြစ်နေပြီး ဘောလုံးလှမ်းတောင်းတဲ့အခါ သူတို့ဆီကို ဘောလုံးပေးဖို့ လိုအပ်တယ်ဆိုတာ သိသာထင်ရှားတဲ့ ကိစ္စပါ။ ဒီကစားသမားနှစ်ဦးက ခြားနားမှုတွေကို ဖန်တီးပေးနိုင်သူတွေပါ။ ဒီညပွဲမှာ ကျွန်တော်တို့တွေ ဖြတ်တင်ဘောတွေ ပြုလုပ်ဖို့ အနေအထားကောင်းမျိုး ရခဲ့ပေမယ့် ပင်နယ်တီ ဧရိယာထဲမှာ ကစားသမား အလုံအလောက် ရှိမနေဘူးလို့ ထင်မိတယ်။ ရော်ယ်လ်ဒိုရော တာလီစကာပါ ရှိမနေတာ။ ဒါကို ကျွန်တော်တို့ သေချာလုပ်ဖို့ လိုပါမယ်။ တစ်ယောက်လောက်တော့ box အတွင်းမှာ ရှိနေဖို့ လုပ်ဆောင်ရပါမယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရော်နယ်လ်ဒိုက အယ်လ်နာဆာနဲ့ ပွဲဦးထွက်မှာ ပွဲချိန်ပြည့် ကစားခဲ့ရပေမယ့် ဂိုးသွင်းယူနိုင်ခြင်း မရှိလို့ ရော်နယ်လ်ဒိုရဲ့ အကောင်းဆုံးပုံစံတွေ ထွက်ပေါ်လာဖို့အတွက် သူတို့ကစားပုံကိုတော့ ပြင်ဆင်စရာ မလိုအပ်ပဲ ကစားနေကျအတိုင်းကိုသာ ပုံမှန်အတိုင်း ဆက်လက် ကစားနေဖို့ လိုအပ်တယ်လို့ နည်းပြဂါဆီယာက ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version