MySport Myanmar

ရာဖင်ဟာကို ယူရိုသန်း(၁၀၀)နဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ရှိနေတဲ့ အယ်လ်နာဆာ

ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ အခု နွေဈေးကွက်အတွင်းမှာပဲ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား မြှင့်တင်သွားဖို့အတွက် ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ဟာကို ပြောင်းရွှေ့ကြေး ယူရို သန်း(၁၀၀)နဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လက်ရှိ အယ်လ်နာဆာအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို GOAT ကြီးတစ်ဦးက ဦးဆောင်လို့နေပြီး ဆာဒီယို မာနေးနဲ့ တာလီစကာတို့လို ကစားသမားကောင်းတွေ ရှိနေပေမယ့် တာလီစကာကတော့ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရသလို အနာဂတ် အခြေအနေလည်း မသေမချာ ဖြစ်နေရပါတယ်။

Photo Credit : Barca Blaugranes

ဒါ့အပြင် မာနေးဟာလည်း လတ်တလောမှာ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ဆက်တိုက် ထွက်ပေါ်နေရပြီး ဒီအချိန်မှာပဲ အယ်လ်နာဆာက လိဒ်စ်ကစားသမားဟောင်းဖြစ်သူ ရာဖင်ဟာကို ခေါ်ယူသွားဖို့ စတင် ပစ်မှတ်ထားလာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် ညာတောင်ပံကစားသမား ရာဖင်ဟာက လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ်မှာပဲ လိဒ်စ်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီအချိန်ကတည်းက အသင်းကနေ ရောင်းချခံရမယ့် ကစားသမားလို့ အမြဲသတ်မှတ်ခံနေရသလို အခုလည်း ယာမဲလ်ရဲ့ ခြေစွမ်းပြသနေမှုအပြင် နီကို ဝီလီယံစ်ကိုပါ ခေါ်ယူဖို့ ရှိနေတာကြောင့် ရာဖင်ဟာက သေချာပေါက် ရောင်းချခံရဖွယ် ရှိနေပါတယ်။

Photo Credit : FC Barcelona Noticias

အရည်အသွေးမြင့် ကစားသမားတစ်ဦးဖြစ်တဲ့ ရာဖင်ဟာကို အာဆင်နယ် ချယ်လ်ဆီးနဲ့ ဗီလာတို့လို အသင်းတွေကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေသည့်တိုင် ရာဖင်ဟာကတော့ ဘာစီလိုနာမှာပဲ ဆက်ကစားသွားချင်နေပြီး ဘာစီလိုနာကတော့ သူတို့ အလိုရှိနေတဲ့ နီကို ဝီလီယံစ်ရော အော်လ်မိုကိုပါ ခေါ်ယူနိုင်ဖို့အတွက် ရာဖင်ဟာကို ရောင်းချသွားချင်နေပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ရာဖင်ဟာကို ဆော်ဒီ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းက သူတို့အသင်းအတွက်သာမက ဆော်ဒီလိဂ်တစ်ခုလုံးရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို သန်း(၁၀၀)နဲ့ပါ ကမ်းလှမ်းသွားဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။ အယ်လ်နာဆာအနေနဲ့ လာမယ့်ရာသီမှာ လက်ရှိ ဆော်ဒီလိဂ် ချန်ပီယံ အယ်လ်ဟီလာအပြင် ကစားသမား ဖြည့်တင်းမှု အားကောင်းနေတဲ့ အယ်လ်အစ်တီဟတ်နဲ့ပါ ယှဉ်ပြိုင်ရဖို့ ရှိနေတာကြောင့် နွေဈေးကွက်အတွင်းမှာပဲ ထိပ်တန်း ကစားသမားကောင်းတွေ ခေါ်ယူသွားရဖွယ် ရှိနေပါတယ်။

Exit mobile version