ဆော်ဒီပရိုလိဂ်ရဲ့ ထိပ်သီးကလပ်အသင်း အယ်လ်နာဆာကတော့ လာမယ့်နွေဈေးကွက်မှာပဲ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမားကြီး ကက်စီမဲရိုးကို ပြောင်းရွှေ့ကြေး ယူရို သန်း(၄၀)နဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ဖြစ်နေတယ်လို့ Caught Offside ကနေ ဖော်ပြလာခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆော်ဒီလိဂ်ဆီ ခေါ်ဆောင်ခဲ့သလို ဆာဒီယို မာနေး ၊ မာဆယ်လို ဘရိုဇိုဗစ် ၊ အော်တာဗီယို ၊ အမ်းမရစ် လာပေါ့တ်နဲ့ အဲလက်စ် တဲလက်စ်တို့လို ဥရောပက နာမည်ကျော် ကစားသမားတွေကိုပါ ဆက်လက် ခေါ်ယူနိုင်ခဲ့ပါသေးတယ်။

Photo Credit : Reuters

ရော်နယ်လ်ဒို မာနေးတို့လို ထိပ်တန်း ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် ဒီရာသီမှာ အာရပ်ကလပ် ချန်ပီယံရှစ်ဖလားသာ ရယူထားနိုင်တဲ့ အယ်လ်နာဆာက ဆော်ဒီလိဂ် အမှတ်ပေးဆုနဲ့ အေအက်စ်စီ ချန်ပီယံလိဂ်ပြိုင်ပွဲတို့မှာ ချန်ပီယံ မဖြစ်သေးတဲ့အပေါ် ကျေနပ်ခြင်း မရှိတာကြောင့် နောက်ထပ် ကစားသမားတွေ ထပ်မံ ဖြည့်တင်းဖို့ စီစဉ်လာခဲ့ပါတယ်။

အယ်လ်နာဆာအသင်း ခေါ်ယူချင်နေတဲ့ ကစားသမားတွေထဲမှာ ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း ကက်စီမဲရိုးက ထိပ်ဆုံးကနေ ပါဝင်လို့နေပြီး ကက်စီမဲရိုးဟာလည်း လာမယ့်နွေမှာ သူရဲ့လက်ရှိကလပ် ယူနိုက်တက်အသင်းကနေ ထွက်ခွာရဖွယ် ရှိနေရပါတယ်။

Photo Credit : Asharq Al-Aawsat

ဘရာဇီးလ် ထိပ်သီး ကွင်းလယ်ခံစစ် ကစားသမား ကက်စီမဲရိုးဟာ ပြီးခဲ့တဲ့ ရာသီကမှ ရီးယဲလ်ကနေ ယူနိုက်တက်ဆီ ရောက်ရှိခဲ့ရင်း ပထမဆုံးရာသီမှာ ယူနိုက်တက်အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ အတော်လေး ရုန်းကန်နေရရင်း ခြေစွမ်းပြနိုင်ဖို့လည်း ခက်ခဲနေရပါတယ်။

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ကက်စီမဲရိုးကို ယူနိုက်တက် လာမယ့်နွေမှာပဲ အသင်းကနေ သေချာပေါက် ရောင်းထုတ်ဖို့ ရှိနေတဲ့အပေါ် အယ်လ်နာဆာက ရော်နယ်လ်ဒို တဲလက်စ်တို့အပြီး နောက်ထပ် ယူနိုက်တက် ကစားသမားအဖြစ် ကက်စီမဲရိုးကို အရ ခေါ်ယူဖို့ ရှိနေရပါတယ်။