ဆော်ဒီလိဂ်ထိပ်သီး ကလပ်အသင်း အယ်လ်နာဆာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ဝါရင့် ကွင်းလယ်ကစားသမားကြီး ကက်စီမဲရိုးကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်အသင်းနဲ့ အကြို ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ စပိန် နာမည်ကြီး သတင်းစာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ နွေဈေးကွက်မှာကတည်းက ရီးယဲလ်မက်ဒရစ်အသင်းကနေ မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ကက်စီမဲရိုးဟာ သူရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ အသင်းအတွက် အကောင်းဆုံးသော စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒါပေမယ့် သူရဲ့ ဒုတိယမြောက် ရာသီမှာတော့ ကက်စီမဲရိုးက တာထွက်ရာသီကလို ခြေစွမ်းမျိုးတွေ ပြန်လည် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ခုလည်း တံကောက်ကြော ဒဏ်ရာ ရရှိနေလို့ ကာလအတန်ကြာ အနားယူရချိန် သူနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ ကောလဟာလတွေပါ ဆက်တိုက် ထွက်ပေါ်လာခဲ့ရပါတယ်။

အဓိကတော့ ဆော်ဒီကလပ်အသင်းတွေက ကက်စီမဲရိုးကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းနေကြတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီး ကက်စီမဲရိုး ကိုယ်တိုင်ကတော့ ယူနိုက်တက်မှာသာ ဆက်လက် ရှိနေမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Photo Credit : The Sun

အသက် (၃၁)နှစ်အရွယ်ရှိ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ကက်စီမဲရိုးဟာ ယူနိုက်တက်အသင်းနဲ့အတူ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပေမယ့်လည်း ခြေစွမ်းပိုင်း အနည်းငယ် ကျဆင်းနေပြီဖြစ်လို့ အသင်းပရိသတ်တွေက သူ့ကို ဆော်ဒီလိဂ်က ကလပ်အသင်း တစ်သင်းသင်းဆီ ဈေးများများနဲ့ ရောင်းချလိုက်ဖို့ တောင်းဆိုနေပါတယ်။

လတ်တလောမှာလည်း ကက်စီမဲရိုးရဲ့ အသင်းဖော်ဟောင်းကြီး ရော်နယ်လ်ဒိုရဲ့လက်ရှိကလပ် အယ်လ်နာဆာအသင်းက လာမယ့်နွေမှာ ကက်စီမဲရိုးကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်အသင်းနဲ့ အကြို ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး ပြောင်းရွှေ့ကြေးကိုလည်း အနည်းဆုံး ယူရို သန်း(၅၀)လောက်အထိ ပေးချေသွားဖွယ် ရှိနေပါတယ်။