ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းဟာ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာ မန်ချက်စတာ စီးတီးအသင်းရဲ့ ခရိုအေးရှား ကွင်းလယ်ကစားသမား မက်တီအို ကိုဗာဆစ်ကို မက်မောလောက်စရာ လုပ်ခလစာမျိုးနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ CBS Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကမ္ဘာကျော် ဘောလုံးသမား GOAT ကြီးတစ်ဦးကို ခေါ်ယူထားခဲ့တဲ့ အယ်လ်နာဆာက လက်ရှိမှာလည်း မာနေး ဘရိုဇိုဗစ် လာပေါ့တ် အော်တာဗီယိုတို့ ရှိနေတဲ့အပြင် ဒီနွေမှာ ဆီမာကန် ဘန်တိုနဲ့ အန်ဂျလိုတို့လို ကစားသမားတွေကိုပါ ထပ်မံ ဖြည့်တင်းထားခဲ့ပါတယ်။

Photo Credit : Transfer News Live

အယ်လ်နာဆာရဲ့ ကွင်းလယ်ပိုင်းမှာ ဘရိုဇိုဗစ်နဲ့ အော်တာဗီယိုတို့ ရှိနေပေမယ့် လတ်တလောမှာ အယ်လ်နာဆာက အသင်းလက်မဲ့ ကွင်းလယ်ကစားသမား အက်ဒရီယန် ရာဘီယော့ကို အလွတ်နဲ့ ခေါ်ယူသွားဖို့ စီစဉ်နေပေမယ့်လည်း ရာဘီယော့ကိုသာ မခေါ်နိုင်ခဲ့ရင် ကိုဗာဆစ်ကို ပြောင်းလဲ ပစ်မှတ်ထားလာနိုင်ပါတယ်။

အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်လူ ကိုဗာဆစ်ဟာ လက်ရှိ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း မန်စီးတီးမှာက ကွင်းလယ်ပိုင်း အင်အား တောင့်တင်းလျက် ရှိနေပြီး ဒီဘရိုင်း ရိုဒရီ ဘာနာဒိုဆေးလ်ဗား နူးနက်စ် မက်ကာသီ ကိုဗာဆစ်တို့အပြင် ဂန်ဒိုဂန်ပါ ဘာစီလိုနာကနေ အသင်းဆီ ပြန်လည် ရောက်ရှိထားပါသေးတယ်။

Photo Credit : CBS Sports

ရီးယဲလ် အင်တာမီလန်နဲ့ ချယ်လ်ဆီး ကစားသမားဟောင်း ကိုဗာဆစ်ဟာ မန်စီးတီးနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် အယ်လ်နာဆာက လာမယ့် ဆောင်းဈေးကွက်မှာပဲ ကိုဗာဆစ်အတွက် ကမ်းလှမ်းမှုတစ်ရပ် လုပ်ဆောင်သွားဖို့ အခြေအနေ ရှိနေပါတယ်။

အယ်လ်နာဆာက ကိုဗာဆစ်အတွက် တစ်ပတ်လုပ်ခအဖြစ် ပေါင်(၇)သိန်းခွဲဆိုတဲ့ ပမာဏကြီးနဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပြီး ပြောင်းရွှေ့ကြေး ဘယ်လောက်အထိ အသုံးပြုပြီး ကမ်းလှမ်းသွားမလဲ ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။