MySport Myanmar

ရာဖင်ဟာ မရတော့လို့ အန်တိုနီကို ပြောင်းလဲ ပစ်မှတ်ထားလာတဲ့ အယ်လ်နာဆာ

ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဟာ တောင်ပံတိုက်စစ်ပိုင်းအတွက် ဘာစီလိုနာ ကစားသမား ရာဖင်ဟာကို ခေါ်ယူချင်ခဲ့ပေမယ့်လည်း ခေါ်ယူဖို့ ခက်ခဲနေရတာကြောင့် မန်ချက်စတာ ယူနိုက်တက် ညာတောင်ပံကစားသမား အန်တိုနီကိုသာ ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အယ်လ်နာဆာဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို ကမ္ဘာ့ထိပ်တန်း ကစားသမားကြီးတစ်ဦးကို ဆော်ဒီပရိုလိဂ်ဆီ အရင်ဦးဆုံး စတင် ခေါ်ဆောင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပြီး ရော်နယ်လ်ဒိုနောက်ပိုင်းမှာလည်း မာနေး ၊ ဘရိုဇိုဗစ် ၊ အော်တာဗီယို ၊ တဲလက်စ်နဲ့ လာပေါ့တ်တို့လို ကစားသမားကောင်းတွေကိုလည်း ဆက်တိုက် ခေါ်ယူခဲ့ပါတယ်။

Photo Credit : Manchester Evening News

လက်ရှိမှာတော့ အယ်လ်နာဆာရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ အယ်လ်ဟီလာနဲ့ အယ်လ်အစ်တီဟတ်တို့က အလွန်ကို အားကောင်းတဲ့ ဖြည့်တင်းမှုတွေ ရှိနေချိန်မှာ အယ်လ်နာဆာအနေနဲ့လည်း ကစားသမားကောင်းတွေ အသင်းဆီ ထပ်မံ ခေါ်ဆောင်သွားဖို့ ကြိုးပမ်းနေတာဖြစ်ပြီး လတ်တလောမှာတော့ တောင်ပံပိုင်းကို ပစ်မှတ်ထားနေပါတယ်။

ဒါကြောင့်ပဲ အယ်လ်နာဆာက ရာဖင်ဟာကို ပြောင်းရွှေ့ကြေး အမြောက်အများနဲ့ ခေါ်ယူချင်ခဲ့ပေမယ့် ကစားသမားက ဆော်ဒီဆီ လာဖို့ ငြင်းဆန်ထားတာကြောင့် ရာဖင်ဟာအစား နောက်ထပ် ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီကို မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Goal

အသက် (၂၄)နှစ်အရွယ် အေဂျက်စ် ကစားသမားဟောင်း အန်တိုနီဟာ ယူနိုက်တက်မှာ ပုံမှန် ခြေစွမ်းမျိုး ပြသနိုင်ဖို့တောင် အတော်လေး ရုန်းကန်နေရပြီး လာမယ့်ရာသီမှာလည်း အာမတ်ရဲ့နောက် ဒုတိယ ဦးစားပေးအဖြစ်နဲ့သာ ကစားသွားရဖို့ ရှိနေသလို သူ့အတွက် ကမ်းလှမ်းမှုကောင်းတွေ ရလာခဲ့ရင်လည်း ယူနိုက်တက်က အန်တိုနီကို ရောင်းထုတ်သွားနိုင်ပါတယ်။

အန်တိုနီကတော့ ယူနိုက်တက်ကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိမနေပဲ အသင်းမှာသာ ဆက်လက် ရှိနေရင်း ပွဲထ်ွကစားခွင့်အတွက် တိုက်ပွဲဝင်သွားချင်နေပေမယ့် သူရဲ့ ခြေစွမ်းပိုင်းတွေ တိုးတက်လာခြင်း မရှိတာကြောင့် အသင်းမပြောင်းခဲ့ရင်တောင်မှ အသင်းမှာ နေရာရလာဖို့ကတော့ ပိုမို ခက်ခဲလာနိုင်ပါတယ်။

Exit mobile version