MySport Myanmar

AFC ချန်ပီယံလိဂ် ခြေစစ်ပွဲ အောင်မြင်သွားခဲ့တဲ့ အယ်လ် နာဆာ

ဆော်ဒီ ပရိုလိဂ် ထိပ်သီးကလပ် အယ်လ် နာဆာအသင်းဟာ မနေ့ညက AFC ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပလေးအော့အဆင့်မှာ ယူအေအီးကလပ် ရှာဘတ် အယ်လ် အာလီ ဒူဘိုင်းအသင်းကို (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ခြေစစ်ပွဲ အောင်မြင်သွားခဲ့တာကြောင့် အုပ်စုအဆင့်ကနေ ဝင်ရောက် ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အယ်လ် နာဆာရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ရော်နယ်လ်ဒို ၊ မာနေး ၊ ဘရိုဇိုဗစ် ၊ တာလီစကာတို့ ပွဲထွက် ကစားသမားတွေအဖြစ် ပါဝင်ခဲ့ရင်း တာလီစကာက (၂)ဂိုး ဘရိုဇိုဗစ်က (၁)ဂိုးသွင်းခဲ့သလို ရော်နယ်လ်ဒိုကတော့ ဘရိုုဇိုဗစ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit : Al Nassr Twitter

ဒီနိုင်ပွဲကြောင့် အယ်လ် နာဆာအသင်းဟာ ၂၀၁၆ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် AFC ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်တုန်းကလည်း ခုလို ပလေးအော့အဆင့်ကနေ ဆင်နွဲခဲ့ရပေမယ့် ဥဇဘတ်ကစ္စတန်ကလပ်ကို ရှုံးနိမ့်ခဲ့ရင်း ချန်ပီယံလိဂ်ဆီ မတက်လှမ်းနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

အခုတော့ အယ်လ် နာဆာဟာ အယ်လ် ဟီလာ ၊ အယ်လ် အစ်တီဟတ် ၊ အယ်လ် ဖေဟာတို့လို ဆော်ဒီကလပ်အသင်းတွေနဲ့အတူ AFC ချန်ပီယံလိဂ်မှာ ပါဝင်သွားရတော့မှာဖြစ်ပြီး AFC ချန်ပီယံလိဂ်ရဲ့ အနောက်ပိုင်းဇုန် အုပ်စုအဆင့်ကနေ ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Al Nassr Twitter

AFC ချန်ပီယံလိဂ်ပြိုင်ပွဲဟာ ဆော်ဒီ အီရန် အီရတ် ယူအေအီး အစရှိတဲ့ အနောက်အာရှ ကလပ်အသင်းတွေအတွက် အနောက်ပိုင်းဇုန်အဖြစ် အုပ်စု (A) ကနေ (E) အထိ သပ်သပ်ခွဲထားပေးပြီး ဂျပန် တောင်ကိုရီးယား တရုတ် ဗီယက်နမ် ထိုင်းတို့ကိုတော့ အုပ်စု (F) ကနေ (J) အထိ ခွဲထားတာ ဖြစ်ပါတယ်။

AFC ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့် မဲခွဲမှုကိုတော့ မနက်ဖြန်မှာပဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် စက်တင်ဘာ (၁၈)ရက်နေ့မှာ အုပ်စုပွဲစဉ်တွေ စတင် ဆင်နွဲသွားကြမှာ ဖြစ်ပါတယ်။

Exit mobile version