ဆော်ဒီ အာရေဗျနိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ယက်ဆာ အယ်-မီဆာဟယ်ကတော့ သူတို့ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို တယောက် သူတို့နိုင်ငံမှာ လာရောက် ကစားတာကို မြင်ချင်ကြောင်းနဲ့ ရိုနယ်ဒိုကို သူတို့နိုင်ငံဆီ ခေါ်နိုင်ဖို့ ငွေပုံပေးရန်လည်း အဆင်သင့် ရှိနေကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မကြာခင်မှာ အသက် ၃၈နှစ် ပြည့်တော့မယ့် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပေမယ့် သူ့ရဲ့ အရှိန်အဝါနဲ့ နာမည်ကျော်ကြားမှုဟာ ယခုချိန်အထိ ကျဆင်းသွားခြင်း မရှိသေးပေမယ့် ကမ္ဘာ့ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး အဖြစ် ဆက်လက် ရပ်တည်နေနိုင်ဆဲပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေပေမယ့် ရိုနယ်ဒိုကတော့ နောက်ထပ်တကြိမ် ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့ စိတ်ဆန္ဒရှိနေဆဲ ဖြစ်ကာ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဆိုရင်လည်း မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါသေးတယ်။

ဆော်ဒီ အာရေဗျနိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဖြစ်သူ အယ်-မီဆာဟယ်က သူတို့နိုင်ငံဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားသွားရန် ဆုံးဖြတ်ထားသလို ရိုနယ်ဒိုကလည်း သူတို့နိုင်ငံရဲ့ ဘောလုံးအားကစား အလားအလာနဲ့ လှပမှုတွေကို မြင်တွေ့သွားရင် သူတို့ဆီ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

အယ်-မီဆာဟယ်က – “ကျွန်တော်တို့က ရိုနယ်ဒိုလို ကစားသမားမျိုး ဆော်ဒီလိဂ်မှာ လာကစားတာကို မြင်ချင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘောလုံးလိဂ်မှာ ရိုနယ်ဒိုသာ လာကစားရင် အဲ့ဒါက အပေါင်းလက္ခဏာ ဆောင်တဲ့ ကိစ္စရပ် တခု ဖြစ်သလို အားလုံးအတွက် ကြီးမားတဲ့ သတင်းတပုဒ်လည်း ဖြစ်သွားနိုင်ပါတယ်။ လူတိုင်းက ရိုနယ်ဒိုရဲ့ အောင်မြင်မှုတွေ ၊ စံချိန်တွေကို သိကြပါလိမ့်မယ်။ ပြီးတော့ သူက အကြီးကျယ်ဆုံး ကစားသမားတွေထဲက တဦး ဖြစ်တာကိုလည်း သိကြပါတယ်။ ဘာကြောင့် ကျွန်တော်တို့က သူ့ကို ဒီနေရာဆီ မခေါ်နိုင်ရမှာလဲ။ ကျွန်တော်က ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ ဆိုရင် ငွေပုံပေးရမယ် ဆိုတာ သိပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘောလုံးကလပ်တွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ အတော်လေး ချမ်းသာလာကြပါတယ်။ ဒါကြောင့် သူတို့က ရိုနယ်ဒိုကို ခေါ်ယူနိုင်စွမ်း ရှိကြပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်မှာ နာမည်ကြီးခဲ့တဲ့ ကစားသမား တချို့ကလည်း ကျွန်တော်တို့ဆီမှာ လာကစားဖူးကြတယ်လေ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။