MySport Myanmar

PSGက ကမ္ဘာ့အကောင်းဆုံး ကစားသမားနဲ့ နည်းပြကို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ အယ် ခါလိုင်ဖီ

ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ဥက္ကဌဖြစ်သူ အယ် ခါလိုင်ဖီက သူတို့အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ပြီး နည်းပြချုပ် အင်းနရစ်ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၀ အရွယ် ကာတာစီးပွားရေးလုပ်ငန်းရှင် အယ် ခါလိုင်ဖီက Bein Sports Media Groupနဲ့ Qatar Sports Investments (QSI) အဖွဲ့အစည်းတွေရဲ့ ဥက္ကဌ ဖြစ်ပြီး သူ ဦးဆောင်တဲ့ QSIအဖွဲ့အစည်းဟာ ပီအက်စ်ဂျီရဲ့ ပိုင်ရှင်ပဲ ဖြစ်ပါတယ်။

Photo Credit: Bein Sports

ဒါကြောင့်ပဲ အယ် ခါလိုင်ဖီက ပီအက်စ်ဂျီရဲ့ ဥက္ကဌရာထူးကိုပါ ရယူထားပြီး အယ် ခါလိုင်ဖီဟာ ပီအက်စ်ဂျီကို ဝယ်ယူပြီးနောက် အသင်းကို ဥရောပရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်လာအောင် ငွေအင်အား ၊ လူအင်အားတွေ ဗုံးပေါလအော သုံးစွဲကာ တည်ဆောက်ခဲ့ပါတယ်။

အယ် ခါလိုင်ဖီရဲ့ အမျှော်အမြင်ကြီးမှု ၊ လုပ်ရဲကိုင်ရဲရှိမှုနဲ့ မှန်ကန်တဲ့ လူအင်အား ဖြည့်တင်းမှုတွေကြောင့် ပီအက်စ်ဂျီဟာ အချိန်တိုအတွင်းမှာ ဥရောပရဲ့ ထိပ်သီးကလပ်တွေကို ရင်ဘောင်တန်း ယှဉ်ပြိုင်လာနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိပါ တက်ရောက်နိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit: CBS Sports

လက်ရှိမှာတော့ အယ် ခါလိုင်ဖီက ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ စပိန်နည်းပြ အင်းနရစ်ကို နည်းပြချုပ် အဖြစ် ခန့်အပ်ထားပြီး နောက်ဆုံးလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အယ် ခါလိုင်ဖီက အင်းနရစ်ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ဖြစ်သလို သူတို့ရဲ့ အသင်းခေါင်းဆောင် အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အယ် ခါလိုင်ဖီက – “ကျွန်တော်ကတော့ အမ်ဘာပေကို ပီအက်စ်ဂျီမှာပဲ ဆက်နေစေချင်ပါတယ်။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ပြီးတော့ ပီအက်စ်ဂျီက သူ့အတွက် ကမ္ဘာပေါ်မှာ အသင့်တော်ဆုံးအသင်းပါ။ သူက ကျွန်တော်တို့ရဲ့ ပရောဂျက် အတွက် အရေးပါတဲ့လူပါ။ ကျွန်တော်တို့က ကမ္ဘာ့အကောင်းဆုံးနည်းပြကိုလည်း ပိုင်ဆိုင်ထားပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

Exit mobile version