ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ဥက္ကဌ ဖြစ်သူ အယ်ခါလိုင်ဖီကတော့ မကြာမီကမှ သူတို့အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ ငွေမမက်လို့သာ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းပဲ ပီအက်စ်ဂျီမှာ ဆက်နေခဲ့တာလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ယခု နွေဈေးကွက် အတွင်းမှာ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ လက်ရှိကလပ် ပီအက်စ်ဂျီနဲ့သာ စာချုပ်သက်တမ်း တိုးသွားခဲ့ပါတယ်။

 

Photo Credit: Telegraf

ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ လုပ်ခဲ့ပြီးမှ ပီအက်စ်ဂျီမှာ ဆက်နေခဲ့တာက ငွေကြေးကြောင့် ဖြစ်ကြောင်း ဘောလုံးအသိုင်းအဝိုင်းမှာ ရှိနေတဲ့ လူအများစုက ဝေဖန်ထားကြပါတယ်။

နာမည်ကြီး သတင်းဌာန အများစုရဲ့ ဖော်ပြချက်တွေအရ အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ကြောင့် အခွန်ဆောင်ပြီး တနှစ် လုပ်ခလစာ ယူရို ၇၅သန်းနဲ့ ၃နှစ်စာ ယူရို ၂၂၅သန်း ရရှိမယ့် အပြင် လက်မှတ်ထိုးကြေး ယူရို ၁၅၀သန်း ရရှိခဲ့ကြောင်း သိထားရပါတယ်။

Photo Credit: Telegraf

ဒါပေမယ့် ပီအက်စ်ဂျီရဲ့ ဥက္ကဌ ဖြစ်သူ အယ်ခါလိုင်ဖီကတော့ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ရင် သူတို့အသင်းမှာ လက်ရှိ ရနေတဲ့ လုပ်ခလစာထက် ပိုများတဲ့ လုပ်ခလစာကို ရရှိနိုင်ပေမယ့် ငွေမမက်တာကြောင့်သာ သူတို့အသင်းမှာ ဆက်နေခဲ့တာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အယ်ခါလိုင်ဖီက – “လူတွေက အမ်ဘာပေဟာ ပိုက်ဆံကြောင့် ပီအက်စ်ဂျီမှာ ဆက်နေခဲ့တယ်လို့ပဲ ပြောနေကြပါတယ်။ အဲ့ဒါက မှားပါတယ်။ တကယ်တော့ ရီးရဲလ်မက်ဒရစ်က သူ့ကို ကျွန်တော်တို့ထက် ပိုများတဲ့ လုပ်ခလစာတွေနဲ့ ကမ်းလှမ်းခဲ့တာပါ။ သူတို့က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ကျွန်တော်တို့ကို ကမ်းလှမ်းခဲ့တဲ့ ယူရို ၁၇၀သန်းလုံး သုံးပြီး အမ်ဘာပေကို အလွတ်နဲ့ ခေါ်ချင်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။