MySport Myanmar

ဗာရန်းကို ခေါ်ယူဖို့ အေးဂျင့်တွေဆီ ဆက်သွယ်ခဲ့တဲ့ အယ်လ် အစ်တီဟတ်

ဆော်ဒီ အမှတ်ပေး ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံကလပ် အယ်လ် အစ်တီဟတ်အသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပြင်သစ် နောက်ခံလူ ရာဖယ်လ် ဗာရန်းကို ခေါ်ယူဖို့အတွက် ကစားသမား အေးဂျင့်များထံ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဒီနွေမှာ ကာရန် ဘန်ဇီမာ နဲ့ အန်ဂိုလို ကန်တေတို့လို ပြင်သစ် ကစားသမားကြီးတွေ ခေါ်ယူထားခဲ့တဲ့ အယ်လ် အစ်တီဟတ်အသင်းက နောက်ထပ် ပြင်သစ် ကစားသမားတစ်ဦးဖြစ်သူ ဗာရန်းကိုပါ ထပ်မံ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Stretty News

ဘန်ဇီမာ ကန်တေတို့အပြင် လီဗာပူးလ်ရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဖာဘင်ဟို နဲ့ ဆဲလ်တစ် ပေါ်တူဂီ တောင်ပံ ကစားသမား ဂျိုတာတို့ကိုပါ ခေါ်ယူ ဖြည့်တင်းထားနိုင်တဲ့ အယ်လ် အစ်တီဟတ်အသင်းက အသင်းရဲ့ ကစားသမားအင်အား ပိုမို တောင့်တင်းနေစေဖို့အတွက် ဗာရန်းလို အတွေ့အကြုံရင့် ကစားသမားတစ်ဦးကိုပါ ထပ်မံ အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗာရန်းရဲ့ လက်ရွေးစင် အသင်းဖော်တွေဖြစ်တဲ့ ဘန်ဇီမာ နဲ့ ကန်တေတို့က အယ်လ် အစ်တီဟတ်ဆီ လာရောက် ကစားဖို့ တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြသေးပြီး ဗာရန်းကတော့ ယူနိုက်တက်မှာပဲ ဆက်လက် ကစားသွားဖို့ ဆန္ဒရှိတဲ့အတွက် အယ်လ် အတ်စီဟတ်ရဲ့ ဆက်သွယ်မှုကိုပါ စိတ်မဝင်စားကြောင်း တုံ့ပြန်ထားခဲ့ပါတယ်။

Photo Credit : Goal

ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေကတော့ ဗာရန်း အပါအဝင် တခြား ကစားသမားတွေထက် အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီ မက်ဂွိုင်းယားကိုသာ ဆော်ဒီ ကလပ်အသင်းတွေဘက်က ကမ်းလှမ်းလာစေချင်နေပြီး အသင်းကနေလည်း အမြန်ဆုံး ထွက်ခွာသွားစေချင်နေပါတယ်။

လက်ရှိမှာ ယူနိုက်တက်ကနေ ဆော်ဒီကလပ်တွေဆီ ပြောင်းရွှေ့သွားတဲ့ ကစားသမားဆိုလို့ ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်သာ ရှိထားသေးပြီး အယ်လ် နာဆာအသင်းဆီ ယူရို (၄.၆)သန်းလေးနဲ့သာ ရောင်းချခဲ့ရတာ ဖြစ်ပြီး အယ်လ် နာဆာနဲ့ပဲ သတင်းထွက်နေတဲ့ အဲရစ် ဘိုင်လီကိုတော့ အလွတ်နဲ့သာ လက်လွတ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version