ဆော်ဒီ စူပါလိဂ် ချန်ပီယံ အယ် အီတီဟတ်က ယခု နွေဈေးကွက် အတွင်းမှာ ပြင်သစ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဘန်ဇီမာနဲ့ ကန်တီတို့ကို ခေါ်ယူခဲ့ပြီးနောက် နောက်ထပ် ပြင်သစ်ကြယ်ပွင့် ကစားသမား ပေါလ် ပေါ့ဘာကို ခေါ်ယူဖို့ ကြိုးစားနေကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

စပါးနဲ့ ဝုလ်ဗ်နည်းပြဟောင်း နူနို ဆန်းတို့စ် ဦးဆောင်နေတဲ့ အယ် အီတီဟတ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရိုနယ်ဒို ပါဝင် ကစားနေတဲ့ အယ် နက်ဆာကို ကျော်ဖြတ်ကာ ဆော်ဒီ စူပါလိဂ်ရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီးနောက် လာမယ့်ရာသီမှာ ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် နာမည်ကျော် ကစားသမားတွေကို ခေါ်ယူပြီး အသင်းကို အားဖြည့်မှုတွေ လုပ်ဆောင်ထားပါတယ်။

Photo Credit: Goal

အယ် အီတီဟတ်က ယခု နွေဈေးကွက်အတွင်းမှာ ပြင်သစ် ကြယ်ပွင့်တွေ ဖြစ်တဲ့ ဘန်ဇီမာ ၊ ကန်တီတို့ကို ခေါ်ယူထားသလို ဆဲလ်တစ် တောင်ပံကစားသမား ဂျိုတာကိုလည်း ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် သုံးစွဲကာ ထပ်မံ ခေါ်ယူထားပေမယ့် အယ် အီတီဟတ်ရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ ကစားသမား အင်အားကို သိပ်မကျေနပ်သေးတာကြောင့် ပေါ့ဘာကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားနေတာပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အယ် အီတီဟတ်ရဲ့ တာဝန်ရှိသူတွေက ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ ပေါ့ဘာနဲ့ရော ၊ ဂျူဗင်တပ်နဲ့ပါ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အယ် အီတီဟတ်က ပေါ့ဘာကို ၃နှစ် အတွက် လုပ်ခလစာ ယူရို ၁၀၀သန်း အထိ ပေးမယ်လို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Photo Credit: Manchester Evening News

လက်ရှိမှာတော့ ပေါလ် ပေါ့ဘာက သူ့ရဲ့ မိသားစုဝင် တချို့နဲ့အတူ ဆော်ဒီနိုင်ငံကို ရောက်ရှိနေပြီး ပေါ့ဘာဟာ အယ် အီတီဟတ်ရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိကာ အသင်းရဲ့ လေ့ကျင့်ရေးပစ္စည်းတွေကို လိုက်လံ ကြည့်ရှုခဲ့ကြောင်းလည်း ဒေသတွင်း အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြထားကြပါတယ်။

ဂျူဗင်တပ်ကတော့ သူတို့ရဲ့ ကွင်းလယ်ကြယ်ပွင့် ပေါလ် ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် လိုချင်နေပြီး အယ် အီတီဟတ်က ပေါ့ဘာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူပြီးရင် ဂျူဗင်တပ်နဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။