MySport Myanmar

ရာဖင်ဟာကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာနဲ့ ခေါ်ယူသွားမယ့် အယ်လ်အစ်တီဟတ်

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ အင်အားကြီးကလပ် အယ်လ်အစ်တီဟတ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့အတွက် ကမ္ဘာပေါ်မှာ ဘယ်ဘောလုံးသမားမှ မရဖူးသေးတဲ့ လုပ်ခလစာမျိုးနဲ့ ကမ်းလှမ်းသွားဖို့ အဆင်သင့် ရှိနေတယ်လို့ စပိန်မီဒီယာတစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

အယ်လ်အစ်တီဟတ်အသင်းဟာ ရီးယဲလ် ကစားသမားဟောင်းကြီး ဘန်ဇီမာ ချယ်လ်ဆီး ကစားသမားဟောင်း ကန်တေနဲ့ လီဗာပူးလ် ကွင်းလယ်လူဟောင်း ဖာဘင်ဟိုတို့ကို ခေါ်ယူထားခဲ့ပြီး မကြာသေးခင်ကလည်း ဒီယာဘီ အာဝါ ဘာ့ဂျ်ဝိုင်းတို့ကိုပါ ခေါ်ယူထားခဲ့ပါသေးတယ်။

Photo Credit : Eurosport

ဆော်ဒီပရိုလိဂ် ချန်ပီယံဟောင်း အယ်လ်အစ်တီဟတ်ဟာ လက်ရှိရာသီ ဆော်ဒီ အမှတ်ပေးလိဂ်မှာ ထိပ်ဆုံးနေရာကနေ ရပ်တည်လျက် ရှိနေပြီး ဘန်ဇီမာ ကန်တေတို့လို ကစားသမားတွေရဲ့ အသက်အရွယ်ကြောင့် အသင်းက ကစားသမားအင်အားကိုပါ ထပ်မံ အားဖြည့်သွားချင်နေပါတယ်။

အယ်လ်အစ်တီဟတ်အသင်းမှာ ဒီယာဘီ ဘာ့ဂျ်ဝိုင်းတို့လို တောင်ပံကစားသမားတွေ ရှိနေကြပေမယ့် အယ်လ်အစ်တီဟတ်ကတော့ ဘာစီလိုနာက တောင်ပံကစားသမား ရာဖင်ဟာကို အသင်းဆီ အရ ခေါ်ဆောင်ချင်နေပြီး ရာဖင်ဟာကိုပါ ကမ္ဘာပေါ်က ဘောလုံးသမားတွေထဲ လုပ်ခလစာ အမြင့်ဆုံးသူ ဖြစ်လာနိုင်မယ့် ပမာဏမျိုးနဲ့ပါ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

Photo Credit : beIN SPORTS

မကြာခင်မှာ အသက် (၂၈)နှစ် ပြည့်မြောက်တော့မယ့် ဘရာဇီးလ် လက်ရွေးစင် ဘယ်တောင်ပံကစားသမား ရာဖင်ဟာဟာ ဒီရာသီထဲ ဘာစီလိုနာအသင်းမှာ မထင်ထားလောက်အောင် ခြေစွမ်းပြလို့နေပြီး ပြိုင်ပွဲစုံအတွင်း (၂၁)ပွဲကစား (၁၆)ဂိုးသွင်း (၁၀)ဂိုးအထိတောင် ဂိုးဖန်တီးထားနိုင်ခဲ့သလို အသင်းခေါင်းဆောင် တာဝန်ကိုပါ ရယူထားနိုင်ပါသေးတယ်။

ရာဖင်ဟာက ဘာစီလိုနာမှာ အားအထားရဆုံး ကစားသမား ဖြစ်နေပေမယ့် ဘာစီလိုနာက လာမယ့်နွေမှာ ဘီလ်ဘာအို ဘယ်တောင်ပံကစားသမား နီကို ဝီလီယံစ်ကိုလည်း အသင်းဆီ ခေါ်ဆောင်ချင်နေတာကြောင့် ဒါက ရာဖင်ဟာရဲ့ အနာဂတ် အခြေအနေအတွက် အပြောင်းအလဲ များစွာ ဖြစ်ပေါ်လာနိုင်ပါတယ်။

Exit mobile version